အဖွဲ့အစည်းမျက်နှာကြည့်ကြပါ။



လုပ်ငန်းခွင်ထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေ ကြုံဆုံတွေ့ရမှာ ဧကန်မလွဲပါ။ ထိုထိုသို့သော လူတွေကို သင်က စီမံအုပ်ချုပ်ရပြီဆိုရင် ခေါင်းစားဖို့သာပြင်တော့။ ဒါပေမယ့်လုပ်တတ်ရင် အထိုက် အလျောက်တော့လွယ်ပါတယ်၊ စီမံခန့်ခွဲမှုအတတ်ပညာကို လေ့လာလိုက်စားကျင့်သုံးမယ်ဆိုရင်ပေါ့။ ဒါတောင် ၀န်ထမ်းအင်းအားများရင် တစ်နေ့တစ်မျိုး မရိုးစေရမှာတော့ အသေအချာပါ။ အဓိက ထိုသို့ သော အမျိုးမျိုး ကွဲပြားမှုဟာ ထူးခြားတဲ့ ဖြစ်စဉ် မဟုတ်ပါ၊ သာမာန်လို့ပဲ ပြောရပါလိမ့်မယ်။ ကွဲပြားတဲ့အမြင်ရှိမှ ကိုယ့်အဖွဲ့အစည်း ရေရှည်မှာ ရပ်တည် နိုင်ဖို့ အကြံဥာဏ်ကောင်းတွေကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မတူကွဲပြားခြင်းသည် အပြစ်မဟုတ်ပါ။ ထိုသူတို့ထံကနေ အရည်အချင်းတွေ၊ အစွမ်းအစတွေကို ထုတ်ယူသုံးစွဲနိုင်ရမှာ စီမံခန့်ခွဲသူတို့ ရှိရမည့် အရည်အချင်းဖြစ်ပါတယ်။ ကိုယ့်နဲ့အတွေးအခေါ် အယူအဆ ကအစ မတူတဲ့ လူတွေကိုဖယ်ထုတ်ပြီး သဘောထားတူတဲ့သူတွေကို သာကိုယ့်အဖွဲ့အစည်းမှာ ချန်ထားမယ် ဆိုရင် တဖြည်းဖြည်းနဲ့ အတွေးအခေါ် တိမ်ကောလာတာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်လာတယ် ဆိုရင် အင်ပါယာတည်ထောင်တယ်လို့ တောင်ဆိုရမလားပဲ။
ကိုယ့်အဖွဲ့အစည်းအတွင်း ရောက်နေပြီးသား တစ်နည်းပြောရရင် မိသားစုဝင်ဖြစ်ပြီးသား လူတစ်ယောက် ကို ကိုယ့်နဲ့မတည့်တော့ အဖက်လုပ်ပြီး စကားမပြောချင်၊ ပိုဆိုးတာက အထက် အကြီးအကဲ ဖြစ်ပြီး ကိုယ့်ရဲ့စီမံခန့်ခွဲမှုအောက်မှာ တာဝန်ထမ်းဆောင်နေသူကို စကားမပြောနိုင်၊ တာဝန်မပေးချင် ဘူးဆို ရင် ဘယ်လိုဖြစ်သွားမလဲ။ စီမံခန့်ခွဲသူတို့ရဲ့ တာဝန်မှာ မိမိကို အပ်နှင်းထားတဲ့ အရင်းအမြစ်တွေကို အပြည့်အ၀နဲ့ ထိထိရောက်ရောက် စီမံခန့်ခွဲရမည် မဟုတ်ပါလား။ ဒါဆို စီမံခန့်ခွဲရေးကို တာဝန်ယူသူအနေနဲ့ တာဝန် ကျေပွန်ပြီလား။
ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်းဖြစ်ပြန်ရင်လဲ တစ်နေ့ (၈)နာရီ အတူတူတွဲလုပ်နေကြရတာ ဒီမျက်နှာတွေပဲတွေ့နေရတာ ချစ်ချစ်ခင်ခင် ဖေးဖေးမမ ပူးပေါင်းဆောင်ရွက်ကြမယ်ဆို ဘယ်လောက်များ ပျော်စရာ ကောင်းလိုက်မလဲ HR က ပျော်ရွှင်ဖွယ်လုပ်ငန်းခွင်ဆိုတာဖော်ဆောင်ပေးဖို့ လိုမယ်တောင်မထင် မိဘူး။ လက်တွေ့မှာ တော့ ဘယ်ဟုတ်လိမ့်မလဲ တစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်တွေ ခံစားခွင့် ပိုသာအောင် လိုချင်ကြတောင်းဆိုကြနဲ့ အလုပ်ကြတော့ ပြိုင်လုပ်ကြမယ်မရှိဘူး။ ဒါဆို အဲဒီလူတွေက ကိုယ့် ကုမ္ပဏီအဖွဲ့အစည်း အောင်မြင်စေလိုတာလား၊ ကိုယ့် အတ္တကို ရှေ့တန်းတင်လိုတာလား။
ဟုတ်ပါပြီ နောက်တစ်ဆင့်တက်ကြည့်ကြရအောင်။ စီမံခန့်ခွဲသူက ကိုယ့်နဲ့မတည့်တော့ တာဝန်မပေးဘူး၊ ဒါမှမဟုတ် မဖြစ်နိုင်တာတွေခိုင်းပြီး ဒုက္ခပေးတာမျိုးလုပ်နိုင်ပါတယ်။ ထို ၀န်ထမ်းထွက်သွားအောင်လို့ပါ။ မထွက်ပြန်လဲ ထုတ်ဖို့ HR ကို အကူအညီတောင်းခံ၍သော်လည်းကောင်း၊ တွန်းအားပေးခြင်းအား ဖြင့်သော်လည်းကောင်း ပြုလုပ် လာနိုင်ပါတယ်။
HR ကဏ္ဍရောက်ပြီ ဘယ်လိုလုပ်ရပါ့။ HR ဆိုတာ အဖွဲ့အစည်းရဲ့မျက်နှာကြည့်ပြီး စီမံခန့်ခွဲသူတို့နဲ့ ၀န်ထမ်းတွေအကြား ပေါင်းကူးတံတားမဟုတ်ပါလား။ ဒါကြောင့် နှစ်ဖက်စကား နားထောင်ဖို့ လိုပါတယ်။ ကြားက စေ့စပ်ညှိနှိုင်းပေးပြီး၊ တာဝန်ပေးတဲ့သူကလဲ တာဝန်ကို တိတိကျကျနဲ့ သေချာပေးဖို့ တာဝန်ထမ်းဆောင်မည့်သူဘက်ကလဲ သေချာတာဝန်ထမ်းဆောင်စေရမှာဖြစ်ပါတယ်။ တကယ်၍ Head of Department သာရှိခဲ့မယ်ဆိုရင်တော့ ဒီအဆင့်ဟာ သူ့ရဲ့ကဏ္ဍ ဖြစ်ပြီပေါ့။   
အဲဒီလိုစေ့စပ်ညှိနှိုင်းရာမှာ နှစ်ဖက်အသံကိုသေချာနားထောင်ရမှာဖြစ်ပါတယ်။ ၀န်ထမ်းရဲ့ အတိတ်က စွမ်းဆောင်ရည်ဟာလည်း ဒီစေ့စပ်ညှိနှိုင်းမှုမှာ စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ဒီလိုအချင်းအရာတွေကို ကိုင်တွယ်ဖြေရှင်းပြီဆိုရင် မျှတမှုဆိုတဲ့ အနှစ်သာရအပေါ်အခြေခံရမှာဖြစ်ပြီး အခြားသော ချင့်ချိန်စရာ ရွေးချယ်စရာနည်းလမ်းတွေကို ရှာကြံကျင့်သုံးဖြေရှင်းရမှာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

Comments