တိတ်ဆိတ်ငြိမ်သက်ခြင်းရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။
Health and Behavioral Science
တိတ်ဆိတ်ငြိမ်သက်ခြင်းရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။
by Vijay Eswaran
July 23, 2021
Image credit to Getty Images/pressureUA
ဒီဆောင်းပါးဟာ Havard Business Review ရဲ့ Health and Behavioral Science ကဏ္ဍမှာ Vijay Eswaran ကရေးသားတင်ဆက်ထားတဲ့ Don’t Underestimate the Power of Silence ကို ဆီလျော်သလို ပြန်ဆိုထားခြင်းဖြစ်ပါတယ်။
အကျဉ်း
ကျွန်ုပ်တို့ထဲက အများစုဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းကို မေ့ထားကြပါတယ် ဒါမှမဟုတ် ကြောက်ရွံ့ နေကြပါတယ်။ ကျွန်ုပ်တို့ဟာ အသံဗလံတွေ၊ စကားသံတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာမှာ နေထိုင် နေကြတာဖြစ်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ အာရုံထွေပြားမှုတွေ၊ တာဝန်ဝတ္တရားတွေနဲ့ ပြည့်လျှံ လွှမ်းခြုံနေတဲ့ ကမ္ဘာတစ်ခုဖြစ်နေပါတယ်။ "Sphere of Silence" လို့ခေါ်တဲ့ ဒီအလေ့ အကျင့်ဟာ သင့်အား စိတ်တည်ငြိမ်စေဖို့၊ အာရုံစူးစိုက်နိုင်ဖို့(အရေးအကြီးဆုံးအနေဖြင့်)သင့်စိတ် ပြန့်လွင့်နေချိန်မှာ မျှော်လင့်ချက်တွေရှိနေစေဖို့ ၆၀ မိနစ်ကြာ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အဲဒီမှာ စည်းမျဉ်းတစ်ခုရှိပါတယ်- အောက်မှာဖော်ပြထားတဲ့အဆင့်တွေကို အပြည့်အဝ တိတ်ဆိတ်စွာဖြင့် လိုက်နာပါ။
• ပထမ မိနစ် ၃၀ ကို ၁၀ မိနစ်စီ သုံးပိုင်း ပိုင်းထားပါ။ ပထမ ၁၀ မိနစ်ကို သင့်ရဲ့ ရေတို၊ အလတ်စားနဲ့ ရေရှည်ပန်းတိုင်တွေကို ချရေးဖို့ အသုံးပြုပါ။ အဲဒီနောက် နောက်ထပ် ၁၀ မိနစ်ကို မနေ့က သတ်မှတ်ထားတဲ့ ပန်းတိုင်တွေအပေါ် တိုးတက်မှုအခြေအနေကို အကဲဖြတ်ဖို့သုံးပါ။
• နောက်ဆုံး ၁၀ မိနစ်ကို မပြည့်မီသေးတဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ၎င်းတို့ကို မအောင်မြင် မရရှိရတဲ့အကြောင်းရင်းတွေကို မှတ်သားရာမှာ အသုံးပြုပါ။ ၎င်းက သင့်ကို ရှေ့ဆက်လျှောက် လှမ်းဖို့ အာရုံစိုက်စေပါမယ်။
• နောက် ၂၀ မိနစ်ကို စာအုပ်ဖတ်ခြင်းဖြင့် အသုံးဝင်မယ့် အသိပညာတွေကို လေ့လာဖို့ ဒါမှမဟုတ် သင့်စိတ်ကို လက်တွေ့ကျမယ့် အသိပညာတွေနဲ့ ကြွယ်ဝစေမယ့် အရာတစ်ခုခုကို ဖတ်ပါ။
• ဒီအဆင့်ရဲ့ ပထမ ၁၀ မိနစ်ကို စာဖတ်ဖို့ အသုံးပြုပါ။ ထို့နောက် ကျန်ရှိတဲ့ ၁၀ မိနစ်ကို ဖတ်ထား တဲ့အကြောင်းအရာကို အတိုချုပ်ရေးချခြင်းဖြင့် အချက်အလက်တွေကို စုစည်းနိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းကို မြှင့်တင်ပါ။
• နောက်ဆုံး ၁၀ မိနစ်ကို မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ဖို့နဲ့ အကယ်၍ သင့်အနေဖြင့် ပိုမိုမြင့်မား တဲ့ တန်ခိုးစွမ်းအားတစ်ခုခုကို ယုံကြည်မယ်ဆိုပါက၊ သက်ဆိုင်ရာဘာသာရဲ့ အထွဒ်အမြတ် ထားတဲ့ဘုရား၊ စကြာဝဠာ၊ ဒါမှမဟုတ် စိတ်စွမ်းအားဆိုင်ရာအမှုကိစ္စ စတဲ့ နှစ်သက်ရာ တစ်ခုခု ကို ဆောင်ရွက်ပါ။ ဒီအပိုင်းဟာ စိတ်ဖိစီးမှုတွေအကြားမှာစိတ်ငြိမ်သက်မှုကို ထိန်းသိမ်းဖို့နဲ့ အပျက်သဘောဆောင်တဲ့ အရာတွေကနေရှောင်ရှားဖို့ သတိရှိရှိရွေးချယ်နိုင်စေဖို့ ကူညီပါမယ်။
ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝှမ်း lockdown ဖြစ်သွားပြီး ကျွန်ုပ်တို့ရဲ့ဘဝတွေဟာ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပါတယ်။ "အရမ်းပင်ပန်းနေပြီ" ဆိုတာ အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်နေ သော်လည်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ၎င်းရဲ့ ကျန်းမာရေးအပေါ် ရေရှည်သက်ရောက်မှု တွေက ပိုမိုများပြား လာခဲ့ပါတယ်။ အလုပ်နှင့် အပန်းဖြေချိန်အကြား စည်းတွေကမှုန်ဝါးသွားခဲ့ပါပြီ။
ဒီအခြေအနေက အထူးသဖြင့် လူငယ်မျိုးဆက်သစ်တွေအတွက် အမှန်တကယ်ဖြစ်နိုင်ပါတယ်။
ကျောင်းသားတွေ တစ်နှစ်ကျော်ကြာ စာသင်ခန်းထဲသို့ ပြန်မရောက်ရှိကြသေးပါ။ တက်သစ်စ ဘွဲ့ရလူငယ်တွေ စီးပွားရေးကျဆင်းမှုထဲသို့ လှမ်းဝင်မိနေကြပြီး၊ အလုပ်အကိုင်ဈေးကွက် ကိုယ်၌ ကလည်း ပြောင်းလဲနေပါတယ်။ အချို့ဒေသတွေ တဖြည်းဖြည်းပြန်ဖွင့်လာသော်လည်း၊ မရေရာမှုရဲ့ မှောင်မိုက်တဲ့အရိပ်က ဆက်လက်လွှမ်းမိုးနေဆဲဖြစ်ပါတယ်။
အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကို ပုံဖော်ပေးနိုင်မယ့်အလားအလာရှိတဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေကို လမ်းညွှန်ဖို့ ကျွန်တော်ရဲ့ ကိုယ်ပိုင်မစ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လူငယ်တွေနဲ့ နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်နေခဲ့ပါတယ်။ ကျွန်တော်ရဲ့ကုမ္ပဏီမှာ အလုပ် လုပ်ကိုင်နေကြသူတွေရဲ့ (၅၀%)ကျော်မှာ မျိုးဆက်သစ်လူငယ်တွေဖြစ်ပြီး၊ Covid-19 မတိုင်မီက ကျွန်ုပ်တို့ဟာ စဉ်ဆက်မပြတ် လူကိုယ်တိုင်တွေ့ဆုံလမ်းညွှန်မှုအစီအစဉ်နဲ့ သင်ကြားပေးခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ် အတွင်း၊ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင်တန်းသားများစွာတို့ဟာ စိတ်ပျက်ခြင်း၊ စိုးရိမ် ပူပန်ခြင်းတို့ကို ဖွင့်ဟ ပြောဆိုလာကြပါတယ်။
ကျွန်တော်ရဲ့ အကြံပေးချက်တွေကို အမြဲတမ်း စိတ်ချသေချာမှုပေးခြင်းဖြင့် စတင်လေ့ရှိ ပါတယ်။ ကျွန်ုပ်တို့ထဲမှ အများစုက မိမိတို့ရဲ့ခံစားချက်တွေကို မိမိတို့တစ်ယောက် တည်းခံစား နေရတယ်လို့ ထင်နေကြသော်လည်း၊ တကယ်တော့၎င်းတို့ဟာ အထူးအဆန်းမဟုတ်ပါ။ ကျွန်ုပ်တို့ထိန်း ချုပ်နိုင်စွမ်းမရှိတဲ့ အခက်အခဲအချိန်ကာလကို ကျော်လွှားဖို့ ကျွန်ုပ်တို့ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုခုကို အာရုံစိုက်နိုင်ပါတယ်။
ဒီပညာရှိစကားတွေကို သင် ယခင်က ကြားဖူးကောင်း ကြားဖူးပေလိမ့်မယ်၊ ဒါပေမယ့် အဲဒါကို ဘယ်လို အသုံးချရမလဲ သင်သိပါသလား။
နှစ် ၃၀ ကျော်ကြာ၊ ကျွန်တော်ဟာ စိတ်ငြိမ်သက်စွာ၊ အာရုံစူးစိုက်မှုရှိစွာနဲ့ အရေးအကြီးဆုံး အနေဖြင့် စိတ်ပြန့်လွင့်နေချိန်မှာ မျှော်လင့်ချက်ရှိနေစေဖို့ ၆၀ မိနစ်ကြာ နေ့စဉ် အလေ့အကျင့်တစ်ခု အဖြစ်စတင်ခဲ့ရာ နှစ် (၃၀)ကျော်ကြာခဲ့ပါပြီ။ ဒါကို ငြိမ်သက်ခြင်းနယ်ပယ်(the Sphere of Silence)လို့ ကျွန်တော် အမည်ပေးထားပါတယ်။
ငြိမ်သက်ခြင်းနယ်ပယ် (The Sphere of Silence)
ငယ်စဉ်ကလေးဘဝတုန်းက၊ အဘိုးက ကျွန်တော်နဲ့ကျွန်တော်တို့မိသားစုနဲ့ အတူနေထိုင်ခဲ့ ပါတယ်။ နံနက်တိုင်း မိုးသောက်ယံနိုးထပြီး တစ်နာရီအကြာ လုံးဝတိတ်ဆိတ်စွာ ထိုင်နေလေ့ရှိပါတယ်။ အိမ်ထဲက အခြားသူတွေ နိုးထလာပြီး နံနက်ခင်းလုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေကြသော်လည်း သူက တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေ့ရှိပါတယ်။ ထိုအချိန်အတွင်း ဘယ်အရာမှ သူ့အာရုံလွှဲမှုကို မလုပ်နိုင်ပါ။ သူက ၎င်းကို အိန္ဒိယ ဟိန္ဒူဘာသာရေးထုံးတမ်းစဉ်လာမှာ ကြာမြင့်စွာ ကျင့်သုံးခဲ့တဲ့ တိတ်ဆိတ်ငြိမ်သက်စွာတရားထိုင်ခြင်းအလေ့အကျင့်ဖြစ်တဲ့ Mouna Vratham ကို ရည်ညွှန်းပါတယ်။ သူက နေ့စဉ် သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း စကားမပြောခြင်းဖြင့် စိတ်တွင်းငြိမ်းချမ်းမှုကို ရရှိပြီး၊ ပိုမိုကောင်းမွန်တဲ့ နားထောင်သူတစ်ဦးဖြစ်လာတယ်လို့ ယုံကြည်ခဲ့ပါတယ်။
နှစ်တွေကြာလာတာနဲ့အမျှ၊ အစပိုင်းမှာ ပညာသင်ယူဖို့နဲ့ နောက်ပိုင်းမှာ အလုပ်အတွက် ကမ္ဘာအနှံ့သို့ ကျွန်တော်ခရီးထွက်ခဲ့ရာမှာ ဆိတ်ဆိတ်နေခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းတစ်ခုဟာ ဘာသာတရား သို့မဟုတ် ယဉ်ကျေးမှုတစ်ခုတည်းနဲ့သာ သက်ဆိုင်တာမဟုတ်ဘူးဆိုတာကို ကျွန်တော် သိလိုက်ရပါတယ်။ ခရစ်ယာန်၊ ဂျူးနဲ့ အစ္စလာမ်ဘာသာတို့မှာလည်း တိတ်ဆိတ်ခြင်းကို အမျိုးမျိုးသော ပုံစံတွေနဲ့ ကျင့်သုံးလေ့ရှိကြပါတယ်။
ကျွန်တော်ရဲ့ အဘိုးက ကျွန်တော်ငယ်စဉ်ကတည်းက ဒီအလေ့အကျင့်ကို သင်ပေးခဲ့သော်လည်း၊ အဲဒါကို တကယ်တန်ဖိုးထားတတ်ဖို့ သင်ယူခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ လန်ဒန်မြို့မှာ တက္ကသိုလ်ပညာရေးကို ပြီးဆုံးပြီးနောက်၊ ကျွန်တော်ဟာ ဥရောပတစ်လွှားကို ခရီးသွားဖို့ တစ်နှစ်အနားယူခဲ့ပြီး၊ အီတလီနိုင်ငံရှိ ဖရန်စစ္စကန်ဘုန်းတော်ကြီးကျောင်း (Franciscan friary) တစ်ခုတွင် ခဏတာနေထိုင်ခဲ့ပါတယ်။ ကျွန်တော်ရောက်ရှိချိန်မှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဥပုသ်ကာလမစမီ ဖြစ်ပြီး၊ ထိုကျောင်းရှိ ဘုန်းတော်ကြီးတွေဟာ ရက် ၄၀ တာ ကာလအတွင်း တိတ်ဆိတ်စွာ နေထိုင်ကြတယ်လို့ သိရှိခဲ့ရပါတယ်။
ကျွန်တော်ကို ဒီအလေ့အကျင့်ကို လိုက်နာစေခဲ့ပါတယ်။ ဒါက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အခက် ခဲဆုံးသောအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ သင့်ကို အတင်းအကျပ် တိတ်ဆိတ်နေဖို့ တွန်းအားပေး လာတဲ့အခါ အခြားသောဆက်သွယ်ရေးနည်းလမ်းတွေကိုရှာဖွေရမယ်ဆိုရင် သင့်မက်ဆေ့ချ်ဟာ အလွန် ရိုးရှင်းရမှာဖြစ်ပါတယ်။ ဒါက သင်ရဲ့ တွေးခေါ်မှုမှာ အပိုအလိုတွေကို ရှင်းထုတ်ပစ်ဖို့ တွန်းအား ဖြစ်ပါတယ်။ ဒီလိုရက်သတ္တပတ်တွေမှာ ကျွန်တော်ဟာ တိတ်ဆိတ်ခြင်းဟူသည် ဆုတောင်းခြင်း အတွက်သာမက၊ အခြားသောအရာတွေအတွက်လည်း အသုံးဝင်ကြောင်း သိလာခဲ့ရပါတယ်။
တိတ်ဆိတ်ခြင်းက ကျွန်ုပ်တို့ရဲ့စွမ်းအင်တွေကို ပိုမိုကောင်းမွန်စွာ စီးဆင်းစေပါတယ်။ ၎င်းက စိန်ခေါ်မှုတွေ မရေရာမှုတွေကို အေးဆေးစွာ ရင်ဆိုင်ဖို့ လိုအပ်တဲ့ ရှင်းလင်းမှုကို ပေးစွမ်းပါတယ်။ ကျွန်တော်နံနက်တိုင်း ကျင့်ကြံနေတဲ့ တစ်နာရီတာ တိတ်ဆိတ်ခြင်းအချိန်ဟာ ကျွန်ုပ်တို့၏အတွေးစတွေ ကို စုစည်းဖို့၊ စိတ်ကို လေ့ကျင့်ဖို့နဲ့ နေ့သစ်ကို ဘယ်လိုစတင်မလဲဆိုတာကို ဆုံးဖြတ်ဖို့ အချိန်တစ်ခု ဖြစ်နိုင်ပါတယ်။
လုပ်ရိုးလုပ်စဉ်
ငြိမ်သက်ခြင်းနယ်ပယ်(the Sphere of Silence)ကို ၃၀ မိနစ်၊ ၂၀ မိနစ်နှင့် ၁၀ မိနစ်စီ သုံးပိုင်းခွဲ ထားပါတယ်။ သင်ဟာ စတင်သူဖြစ်ပါက၊ တိုတောင်းတဲ့ အချိန်ကို စမ်းကြည့်နိုင်သော်လည်း၊ အကောင်းဆုံးအကျိုးကျေးဇူးတွေရရှိဖို့ မိနစ် ၆၀ အပြည့်အစုံသို့ တဖြည်းဖြည်းတိုးမြှင့်ရန် အကြံပြုလိုပါတယ်။
သင့်ရည်မှန်းချက်မှာ ၂၁ ရက်တာ ကာလကို မပျက်မကွက် ပြီးမြောက်ဖို့ဖြစ်ပါတယ်။ စတင်တဲ့ အခါ လွယ်ကူမယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ထို့နောက်မှာ ကနဦး လှုံ့ဆော်မှု ပျောက်ကွယ် သွားကာ လက်တွေ့ဘဝသို့ ရောက်ရှိသွားပါမည်။ ဒီအဆင့်ကို ကျော်လွှားပြီး ပုံမှန်လုပ်နေကျအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ အလေ့အကျင့်တစ်ခုကို တည်ဆောက်ဖို့ အချိန်ယူရပေမယ့် နောက်ဆုံးမှာ တော့ သူ့အလိုလိုသဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်။
ကျွန်တော် ငြိမ်သက်ခြင်းနယ်ပယ်(the Sphere of Silence)ကို ပုံမှန်စတင်ကျင့်သုံးစဉ်က၊ ကျွန်တော့်ကိုယ်ကျွန်တော် အစောဆုံးပြောင်းလဲမှုတွေကို ၂၁ရက်မြောက်လောက်နေ့မှ သတိပြုမိလာခဲ့ ပါတယ်။
ပြင်ဆင်ခြင်း
အခြေခံစည်းမျဉ်းမှာ ခေါင်းစဉ်မှာဖော်ပြထားသကဲ့သို့ပဲ လုံးဝ တိတ်ဆိတ်စွာနေရန်ဖြစ်ပါတယ်။ မိနစ် ၆၀ တာ အလေ့အကျင့်တစ်ခုလုံးကို ပြင်ပကမ္ဘာမှ အာရုံထွေပြားမှုတွေမပါဘဲ လုပ်ဆောင်ရမှာ ဖြစ်တာကြောင့်၊ သင့်ပစ္စည်းကိရိယာတွေအားလုံးကို ပိတ်ပြီး အခြားသူတွေနဲ့ဝေးရာ တိတ်ဆိတ် ငြိမ်သက်တဲ့ နေရာတစ်နေရာကို ရှာပါ။ မှတ်တမ်းစာအုပ်နဲ့ ဘောပင် အဆင်သင့်ထားပါ။ ဒါ့အပြင်၊ သင်ဖတ်ဖို့ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ရွေးပြီး သင့်အနားတွင် ထားပါ။
မနက်ခင်းမှာ ရှုမှတ်ခြင်းကို မဖြစ်မနေလုပ်ဆောင်ဖို့ မလိုအပ်ပေမယ့်၊ မနက်ခင်းမှာ လုပ်ဆောင်ခြင်းက ကျွန်တော့်ကို လုပ်ကိုင်နိုင်မှုစွမ်းအားနဲ့ စိတ်တည်ငြိမ်မှုကို မြှင့်တင်ပေးပြီး၊ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့အထောက်အကူ ဖြစ်စေပါတယ်။
ပထမ ၃၀ မိနစ်: ရည်ရွယ်ချက်ပန်းတိုင်သတ်မှတ်ခြင်း
ကျွန်တော်ရဲ့ အတွေ့အကြုံအရ ဒီလေ့ကျင့်ခန်းရဲ့ ပထမအပိုင်းအတွက် ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ခြင်းလုပ်ငန်းစဉ်ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်က ၎င်းကို ၁၀ မိနစ်စီဖြင့် သုံးပိုင်းခွဲထားပါတယ်။
သင်ရဲ့ မှတ်စုစာအုပ်ကို ယူပြီး ပထမ ၁၀ မိနစ်အတွင်း သင်ရဲ့ ရေတို၊ အလတ်စားနဲ့ ရေရှည် ရည်မှန်းချက်ပန်းတိုင်တွေကို ချရေးပါ။ အဲဒီနောက် နောက် ၁၀ မိနစ်မှာ ယခင်ရက်က သင်သတ်မှတ်ခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်တွေအပေါ် သင်ရဲ့တိုးတက်မှုကို အကဲဖြတ်ပါ။
ရည်မှန်းချက်ပန်းတိုင်တွေကို ရေးမှတ်တဲ့အခါ သင်အောင်မြင်လိုတဲ့အရာတွေနဲ့ ပတ်သက်၍ အလွန်တရာမှ ရှင်းလင်းနေအောင်လုပ်ရမှာဖြစ်ပါတယ်။ ဒါကို နံနက်တိုင်းလုပ်တဲ့အခါ ထိုရည်မှန်းချက် ပန်းတိုင်တွေဆီသို့ နိုးကြားလာကာ သင်ရဲ့တိုးတက်မှုနဲ့သတ်သက်လို့ မေးခွန်းတွေမေး၊ လိုအပ်ပါက သင့်အစီအစဉ် တွေကို ပြန်ညှိပါ။ ဒါက သင့်ကို ရှေ့ဆက်တိုးဖို့အတွက်အာရုံစိုက်မှုနဲ့ ဘယ်လိုအောင် မြင်မှုမျိုးကိုမဆို ရရှိဖို့ အတွက် လိုအပ်တဲ့အလုပ်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော် ပါလိမ့်မယ်။
နောက်ဆုံး ၁၀ မိနစ်ကို မပြည့်မီသေးတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ (အထူးသဖြင့် ရေတို သို့မဟုတ် နေ့စဉ်ပန်းတိုင်) ကို မှတ်သားရန်နဲ့ ၎င်းတို့ကို အောင်မြင်မှုမရရှိရသည့် အကြောင်းရင်းတွေကို အကဲဖြတ်ဖို့ သုံးပါ။ မနက်ဖြန်လုပ်ရမယ့်အရာတွေက ယနေ့ သင်လုပ်ဆောင်ခဲ့တဲ့ အရာတွေကနေ ပေါ်ထွက် လာတာဖြစ်လို့ မနေ့ကလုပ်ရပ်၊ လုပ်ဆောင်ချက်တွေကို နားလည်ခြင်းဟာ မနက်ဖြန် အတွက်ပုံဖော်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။
နောက် ၂၀ မိနစ်: သင်ယူမှုနှင့် တိုးတက်မှု
ဒါက လွန်ခဲ့တဲ့ နှစ်များစွာက ဝယ်ထားပေမယ့် မဖတ်ဖြစ်သေးတဲ့ စာအုပ်ကို ပြန်ထုတ်ယူ ရမယ့် အချိန်ပါ။ ဒီအပိုင်းအတွက် အခြေခံစည်းမျဉ်းက သင့်ကို အသစ်အဆန်းတွေ သင်ပေးပြီး သင့်စိတ်ကို ကြွယ်ဝစေမယ့် စာအုပ်တစ်အုပ်ကို ရွေးချယ်ဖို့ပါပဲ။
သင်က နံနက်ခင်း လုပ်ရိုးလုပ်စဉ်ရဲ့ အစိတ်အပိုင်းအဖြစ် စာဖတ်ခြင်းကို ပြုလုပ်တဲ့အခါ - သင့်စိတ်က အနားယူထားပြီး လမ်းဆန်းနေတဲ့အတွက် စိတ်ကူးအသစ် အတွေးသစ်တွေကိုမှတ်သားနိုင် ဖို့အဆင်သင့်ဖြစ်နေတဲ့အခါ - သင်ဟာ ဘာဖြစ်မယ်ဆိုတာကို မသိတဲ့အရာတွေကို ကြောက်ရွံ့ခြင်းထက် စိတ်အား ထက်သန်မှုဖြင့် နေ့သစ်ကို စတင်လိုက်တာဖြစ်ပါမယ်။
လုပ်ငန်းစဉ်ရဲ့ ဒီအပိုင်းကို ကျွန်တော် အထက်တန်းကျောင်းပြီးဆုံးပြီးနောက် နေထိုင်ခဲ့တဲ့ စင်္ကာပူက Ramakrishna Mission မှာရှိနေစဉ်က လိုက်နာကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီမစ်ရှင်က ထင်ရှားတဲ့ ကမ္ဘာ့လူမှုဖူလုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာအနှံ့ ပရဟိတဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပါဝင်ပတ်သက်နေပါတယ်။ ကျွန်တော်ဟာ အလုပ်သင်တစ်ယောက်အနေဖြင့် စာကြည့်တိုက်အညွှန်းအတွက် စာအုပ်တွေကို အကျဉ်းချုပ်ဖတ်ရှု့ပေးရတဲ့တာဝန်ရှိပါတယ်။ မေးခွန်း တွေရှိပါက ၎င်းတို့ကိုမှတ်သားထားပြီး ထမင်းစားချိန်မှာ အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဒီနေရာကနေ ကျွန်တော်က လုံးဝတိတ်ဆိတ်စွာနဲ့ စာဖတ်ခြင်းအလေ့အထနဲ့ ဖတ်ထားသမျှ မှတ်စုရေးတဲ့ အလေ့အထကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ ကျွန်တော်ဟာ လေ့လာဖတ်ရှု့မှုနဲ့ အတွေး အမြင်တို့ကို ချရေးခြင်းဖြင့် စာအုပ်က စိတ်ကူးစိတ်သန်းတွေအပေါ်အခြေခံပြီး ကျွန်တော်ရဲ့ ကိုယ်ပိုင် ဘဝမှာ လက်တွေ့အကောင်အထည်ဖော်လာနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့်၊ ဒီအဆင့်ရဲ့ ပထမ ၁၀ မိနစ်ကို စာအုပ်ရဲ့ အခန်းတစ်ခန်းကို ဖတ်ဖို့ အသုံးပြုပါ။ ပြီးရင် ကျန်တဲ့ ၁၀ မိနစ်ကို ဖတ်ထားသော အကြောင်းအရာကို အကျဉ်းချုပ် ချရေးဖို့ အသုံးပြုပါ။
စာအုပ်ဖတ်ပြီးသွားတဲ့အခါ သင်ဟာ နောက်ထပ် အဆင့်တစ်ခု ထပ်တိုးပြီး စဉ်းစား တွေးခေါ်မှုတွေ လုပ်ဆောင်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါက ပိုမိုနက်ရှိုင်းတဲ့ မှတ်မိနိုင်စွမ်းနဲ့ ခွဲခြမ်း စိတ်ဖြာနိုင်စွမ်းကို ရရှိစေပြီး သင်ရဲ့ ရေတိုမှတ်ဉာဏ်ကိုလည်း ပိုမိုအားကောင်းလာစေပါတယ်။
နောက်ဆုံး ၁၀ မိနစ် - သတိရှိလာခြင်း
ဒီနောက်ဆုံးအပိုင်းဟာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်အတွက် အရေးကြီးတဲ့ အဆင့်ဖြစ် ပါတယ်။ ဒီနောက်ဆုံး ၁၀ မိနစ်ကို ကိုယ်တိုင် မိမိကိုယ်ကိုသုံးသပ်ဖို့နဲ့၊ သင့်အနေဖြင့် ပိုမိုမြင့်မားတဲ့ တန်ခိုးတစ်ခုခုကို ယုံကြည်မယ်ဆိုရင် ဘုရားသခင်၊ စကြာဝဠာ၊ သို့မဟုတ် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတို့နဲ့ ဆက်သွယ်ဖို့ သုံးပါ။
ကျွန်တော်ရဲ့အဘိုးက ဒီနောက်ဆုံးလုပ်ငန်းစဉ်ကို စေ့ဆော်ပေးခဲ့တယ်။ သူ့အတွက် နံနက်တိုင်း တိတ်ဆိတ်စွာနေ နေတဲ့အချိန်မှာ ဘဝရဲ့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာနက်ရှိုင်းတဲ့အမြင်က သူ့ရဲ့ နံနက်တိုင်း ဆုတောင်းမှုဆီကိုဦးတည်စေပါတယ်။
ဒီနည်းလမ်းဟာ သင့်အပေါ်မှာ လုံးဝမူတည်သော်လည်း၊ ဒီအပိုင်းရဲ့ ရည်ရွယ်ချက်မှာ သင့်ရဲ့စိတ်ကို လက်ရှိပစ္စုန်ပန်တွင် ရှိနေရပြီး သင့်ခံစားချက်တွေကို အာရုံစိုက်ဖို့ဖြစ်ပါတယ်။ တိတ်ဆိတ် ခြင်းရဲ့ နောက်ထပ်ရရှိမယ့်အကျိုးကျေးဇူးက သင့်အတွေးတွေကို သဘာဝအတိုင်း စစ်ထုတ်ပေးတဲ့ စစ်ထုတ်ကိရိယာတစ်ခုကဲ့သို့ ဖြစ်ပါတယ်။ ၎င်းက သင့်အား စိတ်ခံစားမှုတွေနဲ့ သင်ခံစားရတဲ့ အရာတွေ ကို ပိုမိုနက်ရှိုင်းစွာ နားလည်စေဖို့ စဉ်းစားဖို့ အချိန်ပေးပါတယ်။
ကျွန်တော်က ဒီအလေ့အကျင့်ဟာ ဒေါသကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ကြောင်း သိရှိလာခဲ့ပါတယ်။ ၎င်းက စိတ်ဖိစီးမှုတွေများပြားတဲ့အခြေအနေတွေမှာ စိတ်ကိုအေးဆေးတည်ငြိမ်စွာထိန်းထားနိုင်ပြီးအပျက်သဘောဆောင်တဲ့အဆိုးမြင်စိတ်ထားကရှောင်ရှား နိုင်စေဖို့ သတိရှိရှိရွေးချယ်မှုကိုဖြစ်စေပါတယ်။
အကျိုးရလဒ်
သင် ၂၁ ရက်တိတိ မပျက်မကွက် ငြိမ်သက်ခြင်းနယ်ပယ်(the Sphere of Silence) ကို လေ့ကျင့်တဲ့အခါ၊ သင့်ပတ်ဝန်းကျင်ကို သင်ဘယ်လိုသိမြင်တယ်ဆိုတဲ့ အမြင်မှာ ချက်ချင်းပြောင်းလဲမှု တွေကို သတိထားမိလာပါမယ်။ သင်လုပ်ဆောင်သမျှအရာတိုင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာပြီး ပိုမိုတည်ငြိမ်တဲ့ ခံစားမှုကို ရရှိလာပါမယ်။
ကျွန်ုပ်တို့ထဲက အများစုဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းကို မေ့ထားကြတယ် ဒါမှမဟုတ် ကြောက်ရွံ့နေတတ်ကြပါတယ်။ ကျွန်ုပ်တို့ဟာ အသံဗလံတွေ၊ စကားသံတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ အာရုံထွေပြားမှုတွေ၊ တာဝန်ဝတ္တရား တွေနဲ့ပြည့်လျှံလွှမ်းခြုံနေတဲ့ ကမ္ဘာတစ်ခုဖြစ်နေပါတယ်။ ဒီလေ့ကျင့်မှုဟာ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါတယ်။ ၎င်းဟာ သင့်တစ်နေ့တာရဲ့ ကျန်ရှိနေတဲ့ ၂၃ နာရီကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
နံနက်ခင်းတိုင်း သင့်စိတ်ထဲမှာ တစ်နေ့တာကို ကြိုတင်ပုံဖော်ခြင်း၊ ဆုံးဖြတ်ချက်တွေချခြင်းနဲ့ ၎င်းတို့ဖြစ်ပေါ်လာတာကို စောင့်ကြည့်ခြင်း - ဒီအရာအားလုံးဟာ ထိန်းချုပ်ခြင်းထက် ပိုမိုနက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေရှိနေပါတယ်။ သင့်ရည်မှန်းချက် အသက်ဝင်လာတာကို သင်မြင်တဲ့အခါ၊ ၎င်းဟာ သင့်အား ယုံကြည်မှုနဲ့ သင်ဘယ်လိုလူလဲဆိုတာကို ပိုမိုနားလည်လာစေပါတယ်။ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်တတ်လာပြီး၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို အားကိုးလာနိုင်ကာ ပတ်ဝန်းကျင်ကအသံတွေ၊ မသေချာမရေရာမှုတွေကြားမှာတောင် ပိုပြီး စိတ်ချရကာ လုံခြုံမှုရှိတယ်လို့ ခံစားလာရပါတယ်။
ဗီဂျေး အေစွာရန် (Vijay Eswaran) သည် စီးပွားရေးလုပ်ငန်းရှင်၊ စိတ်ဓာတ်တက်ကြွလှုံ့ဆော်ပေးသူ၊ ပရဟိတလူမှုအကျိုးပြုလုပ်ငန်းရှင်နှင့် အောင်မြင်ကျော်ကြားသော "In the Sphere of Silence" စာအုပ်၏ စာရေးဆရာဖြစ်ပါသည်။ စီးပွားရေးပညာရှင်တစ်ဦးအဖြစ် လေ့ကျင့်သင်ကြားခဲ့ပြီး၊ သူသည် ဒေါ်လာသန်းနှင့်ချီတန်ဖိုးရှိသော ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတစ်ခု၏ တည်ထောင်သူဖြစ်သည်။ အာရှတွင် ထင်ရှားသော အတွေးအခေါ်ဆိုင်ရာဦးဆောင်တစ်ဦးအဖြစ်အနေဖြင့် စီးပွားရေး၊ ခေါင်းဆောင်မှု၊ ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဝစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ် ပြန့်ပြန့်ရေးသားခြင်း၊ ဟောပြောခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
Comments
Post a Comment