သင်ရဲ့ အချိန်ကိုမဟုတ်ပဲ စွမ်းအင်တွေကိုစီမံပါ

ကုမ္ပဏီမှာပဲလုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပြီးတော့ပဲလုပ်လုပ်၊ နေ့စဉ်လုပ်ငန်း ဆောင်ရွက် မှုတွေနဲ့နစ်မွန်းနေပြီး၊ သင့်တင်တဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေ၊ စားသောက်မှုပုံစံနဲ့ လုပ်ငန်းပြီးချိန် မိသားစုဘဝတွေမှာ ဟန်ချက်ညီအောင် အလေးထား လိုက်နာလုပ်ဆောင်မှု နည်းပါးခြင်းအားဖြင့် ပျော်ရွှင်ဖွယ် လုပ်ငန်းခွင်ဘဝနဲ့ မိသားစု ဘဝတို့ ဆုံးရှုံးကာ ဖိစီးပြီး၊ သောကများလာကြရကြောင်းကို အလုပ်လုပ်နေကြ သူတိုင်း သတိပြုဆင်ခြင်မိစေဖို့နဲ့ လိုက်နာ လုပ်ဆောင်နိုင်စေဖို့အတွက် Tony Schwarts နဲ့ Catherine McCarthy တို့ရဲ့ HBR, 2007 မှာ ရေးသားတင်ပြချက်ကို ဆီလျော်သလို ပြန်ဆို တင်ပြလိုက်ပါတယ်။ သောကကင်းဝေးပြီး၊ ကျန်းမာပျော်ရွှင်တဲ့ လုပ်ငန်းခွင်ဘဝနဲ့ မိသားစု ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ်။ အကျဉ်း- လူအများဟာ လုပ်ငန်းခွင်မှာ အချိန်ကြာမြင့်စွာလုပ်ကိုင်ဆောင်ရွက်လာကြရတာနဲ့ အမျှ လုပ်ငန်းခွင်ထိန်းသိမ်းမှုဆိုင်ရာ လိုအပ်ချက်တွေကို တောင်းဆိုမှုတွေမြင့်တက်လာကြပါတယ်။ ဒီလို လုပ်ငန်းခွင် မှာ အချိန်များစွာပေးဆပ်ပြီး၊ လုပ်ကိုင်ကြရခြင်းက အားအင်ဆုံးရှုံးမှုနဲ့ စရိတ်တက်ခြင်းတို့ကိုလုပ်ငန်းအဖွဲ့ အစည်းကရော ဝန်ထမ်းတွေကပါ ရှောင်လွှဲလို့ မရနိုင်တဲ့အချက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူတွေက သူတို့ရဲ့ လုပ်ဆောင်နိုင်တဲ့စွမ်းအင်ကို လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေကို သိလာကြပါတယ်။ ထိုစွမ်းအင်တွေကို မြှင့်တင်ပေးခြင်းက ပိုမိုမြန်ဆန်ကောင်းမွန်လာစေဖို့ အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ အချိန်ဆိုတာက အကန့်အသတ်ရှိတဲ့ အရင်းအမြစ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် စွမ်းအင်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ စွမ်းအင်တွေကိုအမြောက်အများထောက်ပံ့ပေးနိုင်တဲ့ အရင်းအမြစ် (၄)ခုကတော့ လူရဲ့ ခန္ဓာကိုယ်၊ စိတ်ခံစားမှု၊ စိတ်နဲ့ စိတ်ဓါတ်တို့ဖြစ်ပြီး၊ ၎င်းတို့တစ်ခုချင်းစီရဲ့ စွမ်းအားကို စနစ်တကျချဲ့ထွင်ပေး နိုင်သကဲ့သို့ ပြန်လည်ပြည့်ဖြိုးအောင်လဲ လုပ်ဆောင်နိုင်ပါတယ်။ ဒီဆောင်းပါးမှာ the Energy Project ကိုတည် ထောင်သူဖြစ်တဲ့ Schwartz က အဓိကအခြေအနေ(၄)ခုမှာ စွမ်းအင်တွေဖြစ်ပေါ်စေမယ့် လုပ်ဆောင်ချက်တွေကို ဘယ်လိုတည်ထောင်ရမလဲဆိုတာကို ထုတ်ဖော်ပြသပေးပါလိမ့်မယ်။ ဥပမာ-အလုပ် လုပ်နေစဉ် အချိန်ကာလ တစ်ခုကြာလာတဲ့အခါမှာ ခေတ္တခဏအနားယူခြင်းက ကာယစွမ်းအားကို ပြန်လည် ပြည်ဖြိုးစေနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝစက်ဝန်းစည်းချက်ကို ထိန်းညှိပေးခြင်းလဲဖြစ်ပါတယ်။ ထိခိုက်မှု အခန်းကဏ္ဍကို ပယ်ပြီး၊ ၎င်းအစား မျှော်လင့်ချက်ရှိတဲ့မှန်ဘီလူး(၃)လုံးနဲ့ အဖြစ်အပျက်အချင်းအရာတွေကို ကြည့်ရှု့ခြင်းအားဖြင့် စွမ်းအင်တို့ကို ဖြုန်းတီးစေမယ့် အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဖယ်ရှား၊ လျော့ပါး စေနိုင်ပါတယ်။ အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ နှောက်ယှက်မှုတွေကို ရှောင်ရှားခြင်းနည်းက စိတ်စွမ်းအင်ကို တိုးစေပါတယ်။ အဓိပ္ပါယ်ရှိပြီး၊ ရည်ရွယ်ချက်ရှိတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ဆောင်ရွက်နေခြင်းကလဲ စိတ်ဓါတ်ခွန်အားကို မြှင့်တင်ပေးနိုင်ပါတယ်။ ခေါင်းဆောင်လုပ်ကြသူတွေက နည်းနာတွေကို အတုယူလုပ်ဆောင်ကြတဲ့ နောက်လိုက်တွေကို အထောက်အပံ့ပေးခြင်းက အလုပ်လုပ်ကြတဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေမှာ အောင်မြင်မှုတွေရရှိလာ နိုင်ပါတယ်။ သို့သော် ဒီလိုများသာလုပ်ဆောင်လာနိုင်ပြီဆိုရင်လဲ ရလဒ်ကတော့ အလွန်ကောင်းနိုင်ပါတယ်။ Wachovia Bank အုပ်စုက ဝန်ထမ်းတွေကို စွမ်းအင်စီမံခန့်ခွဲမှုအစီအစဉ်မှာ ပါဝင်စေခြင်းအားဖြင့် လုပ်ငန်းရဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးဆိုင်ရာအညွှန်းကိန်းတွေဖြစ်တဲ့ချေးငွေထုတ်ချေးနိုင်မှုမှာ ပမာဏများစွာ တိုးတက် ထုတ်ချေးလာနိုင်တဲ့ အထိ စွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်ကောင်းမွန်လာသကဲ့သို့၊ ၎င်းဝန်ထမ်းတွေက ဖောက်သည်တွေနဲ့ ဆက်ဆံရေးတွေမှာ သိသာထင်ရှားတဲ့ တိုးတက်ကောင်းမွန်မှုတွေ၊ ထုတ်လုပ်နိုင်မှု စွမ်းအားတွေတက်လာတဲ့ အပြင်၊ ၎င်းဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုတွေ ရှိလာကြကြောင်း၊ အစီရင်ခံမှုတွေ ရှိလာခဲ့ပါတယ်။ ဒီတွေ့ရှိချက်က Ernst & Young ၊ Sony ၊ နဲ့ Deutsche Bank အစရှိတဲ့ အခြားသော ကုမ္ပဏီတွေမှာလဲ ဒီလိုပုံစံမျိုးချဉ်းကပ်မှုက ထိရောက်မှုတွေရှိကြောင်း၊ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့ပါပြီ။ လုပ်ငန်းအဖွဲ့အစည်းတွေက ၎င်းတို့ရဲ့ ဝန်ထမ်းတွေရဲ့ ဘဝအတွက် ဘက်ပေါင်းစုံက ရင်းနှီးမြှုပ်နှံပေးလာချိန်မှာ ဝန်ထမ်းတစ်ဦးချင်းစီကလဲ ၎င်းတို့ရဲ့စွမ်းအင်တွေ၊ ခွန်အားတွေကို စိတ်နှလုံး အကြွင်းမဲ့စွာပဲ အလုပ်အတွက် ထုတ်သုံးလာကြပါလိမ့်မယ်။ ဒါမှ ကုမ္ပဏီရော၊ ဝန်ထမ်းတွေပါ တန်ဖိုးတွေ မြင့်မားလာကြပါလိမ့်မယ်။ Ernst & Young ရဲ့လက်တွဲဖော်ဖြစ်တဲ့ ၃၇ ခုနှစ်အရွယ် Steve Wanner က အိမ်ထောင်ရှိပြီး၊ ကလေး(၄)ယောက်ရှိပါတယ်။ စာရေးသူတို့က သူနဲ့လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ဆုံတွေ့ခဲ့ကြပါတယ်။ သူက တစ်နေ့ကို (၁၂)နာရီကနေ (၁၄)နာရီလောက်အထိ အလုပ် လုပ်သူဖြစ်ပြီး၊ အမြဲလိုလို ပင်ပန်းနွမ်းနယ် နေပြီး၊ ညနေပိုင်းမှာလဲ မိသားစုနဲ့ အပြည့်အဝထိတွေ့မှုတွေမလုပ်နိုင်တော့တဲ့အတွက် သူ့ကိုသူ အပြစ်ရှိနေသကဲ့သို့ ခံစားလာရပြီး၊ မကျေနပ်မှုတွေ ဖြစ်လာရပါတယ်။ ညဘက် ကောင်းကောင်းမအိပ်နိုင်သလို၊ ကိုယ်လက် လှုပ်ရှား ဖို့အတွက်လဲ အချိန်မပေးနိုင်၊ ကျန်းမာရေးနဲ့ညီညွတ်မယ့်အစားအစာကလဲ ဝေလာဝေး၊ သွားလာရင်း၊ အလုပ် လုပ်ရင်း အလုပ်စားပွဲပေါ်မှာတင် စားနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ Wanner ကြုံတွေ့နေရတာကတော့ သာမန်အခြေအနေမဟုတ်ပါ။ ကျွန်ုပ်တို့အများစုက ဒီလိုလုပ်ငန်းခွင် မှာ အချိန်ကြာမြင့်စွာလုပ်ကိုင်ဆောင်ရွက်နေရပြီဆိုရင် ခန္ဓာကိုယ်အားဖြင့်သော်လည်းကောင်း၊ စိတ်ဓါတ်အား ဖြင့်သော်လည်းကောင်း၊ စိတ်ခံစားမှုအားဖြင့်သော်လည်းကောင်း၊ ထိခိုက်မှုတွေရှိလာမှာ အသေအချာဖြစ် ပါတယ်။ အဲဒီကနေ စိတ်အားထက်သန်မှုတွေကျဆင်းလာမယ်၊ အာရုံရှုပ်ထွေးမှုတွေတိုးလာမယ်၊ နောက်ဆုံး တော့ ဝန်ထမ်း အလုပ်ထွက်နှုန်းတွေမြင့်တက်လာမယ်၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စရိတ်တွေခုန်တက် လာပါလိမ့်မယ်။ ကျွန်ုပ်တို့က လွန်ခဲ့တဲ့ (၅)နှစ်တာကာလတုန်းက ကုမ္ပဏီကြီးဖြစ်တဲ့ Energy Project မှာ ထောင်ပေါင်းများစွာသော လုပ်ငန်းဦးဆောင်နေကြသူတွေ၊ မန်နေဂျာတွေနဲ့ အတိုင်ပင်ခံခြင်းနဲ့ နည်းလမ်းပြခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ထူးခြားပြီး တူညီနေတဲ့အချက်က ဒီအမှုဆောင်အရာရှိတွေက ပိုပြီး ပြင်းပြင်း ထန်ထန် တွန်းအားတွေပေးခြင်းကို ဆက်လက်လုပ်ဆောင်နေကြတာနဲ့အတူ၊ လမ်းခွဲရာနေရာမှာ ရောက်နေတဲ့ ခံစားမှုတွေက တိုးတက်ဖြစ်ပေါ်လာကြကြောင်း၊ ကျွန်ုပ်တို့ကို ပြောပြကြပါတယ်။ အလုပ်ချိန်ကြာမြင့်မှုနဲ့အတူအဓိကပြဿနာက အကန့်အသတ်နဲ့ဖြစ်နေတဲ့ အရင်းအမြစ်လို့ပြောရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ စွမ်းအင်က မတူကွဲပြားတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နိုင်ပါတယ်။ အလုပ် လုပ်နိုင်ဖို့ စွမ်းအားကို ရူပဗေဒအရ အဓိပ္ပါယ်ဖွင့်ဆိုပါက လူတွေမှာ ခန္ဓာကိုယ်၊ စိတ်ခံစားမှု၊ စိတ်နဲ့ စိတ်ဓါတ်ဆိုတဲ့ အရင်း အမြစ်(၄)ခုကနေ စွမ်းအင်တွေကို အမြောက်အများထောက်ပံ့ပေးနိုင်ပါတယ်။ ၎င်းတို့ တစ်ခုချင်းမှာ သတ်သတ် မှတ်မှတ် အစီအစဉ်တွေချမှတ်ပေးခြင်းအားဖြင့် စွမ်းအင်တွေကို စနစ်တကျ ချဲ့ထွင်ပေးနိုင်ပြီး၊ ပုံမှန်ပြန်လည် ပြည့်ဖြိုးစေနိုင်တဲ့အပြင်၊ ရည်ရွယ်ချက်ရှိပြီး၊ တိကျတဲ့ အချိန်ဇယားတွေအတိုင်း လိုက်နာလုပ်ဆောင်ခြင်းနဲ့အတူ မသိစိတ်ကနေ သူ့အလိုလို လုပ်ဆောင်ခြင်းတွေကို အလျင်အမြန်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အလုပ်ချိန်ကြာမြင့်မှုနဲ့အတူ အဓိကပြဿနာက အကန့်အသတ်နဲ့ဖြစ်နေတဲ့ အရင်းအမြစ်လို့ပြောရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ စွမ်းအင်က မတူကွဲပြားတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နိုင်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ထိထိရောက်ရောက်ပြန်လည်အားပြည့်စေဖို့အတွက်၎င်း ဝန်ထမ်းတွေထံက လုပ်အားပိုရဖို့ဆိုတာထက်၊ ၎င်းတို့အတွက် ပိုမိုရင်းနှီးမြှုပ်နှံပေးခြင်းကိုပြောင်းလဲအလေးထား လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ၎င်းတို့က လုပ်ချင်ကိုင်ချင်စိတ်နဲ့ စိတ်ဓါတ်တက်ကြွလာပြီး၊ နေ့စဉ် လုပ်ငန်းခွင်ကို စိတ်ဓါတ် တက်ကြွမှုတွေ ယူဆောင်လာပြီး၊ ကြိုးပမ်းဆောင်ရွက်လာကြပါလိမ့်မယ်။ ၎င်းတို့ကိုယ့်ဟာကို အားဖြည့်နိုင်စေဖို့ တစ်ဦးချင်းစီက စွမ်းအင်ပျက်ပြားမှုကြောင့် ဖြစ်လာတဲ့ ပေးဆပ်မှု တန်ဖိုး ကို သိဖို့ လိုအပ်မှာဖြစ်ပြီး၊ ဒါကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ရာမှာ ဘယ်လိုအခြေအနေမျိုးတွေမဆို ရင်ဆိုင်ကြုံ တွေ့နေရပါစေ တာဝန်ယူနိုင်ရပါမယ်။ Wanner ကလုပ်ရိုးလုပ်စဉ်တွေနဲ့ အပြုအမူတွေကို ပိုကောင်းတဲ့ စီမံမှုတွေနဲ့ ကြိုးပမ်းခြင်းကြောင့် ဖြစ်လာတဲ့ စွမ်းအင်တွေက သူရဲ့ဘဝကို တိုးတက်ပြောင်းလဲလာစေပါတယ်။ အရက်သေစာသောက်စားမှု ကနေ ရှောင်ကြဉ်ပြီး၊ စောစောအိပ်ယာဝင်ခြင်းအားဖြင့် အိပ်ရေးပျက်မှုကို ရှောင်ရှားလာနိုင်ပါတယ်။ ရလဒ်အား ဖြင့် မနက်အိပ်ယာထချိန်မှာ အင်အားပြည့်နေပြီး၊ စိတ်လက်ရွှင်လန်းကာ မနက်တိုင်း ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လုပ်ဖြစ်လာပါတယ်။ (၂)လအတွင်းမှာ ကိုယ်အလေးချိန် (၁၅)ပေါင်ကျသွားပါတယ်။ အဲဒါပြီး နောက်မှာ မိသားစုနဲ့ အတူ နံနက်စာစားဖြစ်လာပါတယ်။ Wanner က အလုပ်ချိန်ကြာမြင့်စွာ လုပ်နေရဆဲပါ၊ ဒါပေမယ့် အလုပ် လုပ်နေစဉ်အချိန်ကာလတစ်လျှောက်လုံးမှာ ပြန်လည်အားဖြည့်မှုတွေကို သူ့ဟာသူ လုပ်ဖြစ် လာပါတယ်။ နေ့လည်စာ စားချိန်မှာ အလုပ်စားပွဲကထဖြစ်ပြီး၊ အမြဲတမ်းမနက်ပိုင်းမှာရော၊ နေ့လည်ပိုင်းတွေမှာ ပါအပြင်ထွက်လမ်းလျှောက်ဖြစ်လာပါတယ်။ နေပိုင်းအိမ်ပြန်ရောက်တဲ့အခါမှာလဲ ကိုယ်ရောစိတ်ပါသက်တောင့် သက်သာစွာပဲ ဇနီး၊ ကလေးတွေနဲ့ အတူကောင်းကောင်းမွန်မွန် ထိတွေ့နေထိုင်လာနိုင်ပါပြီ။ ရိုးရှင်းတဲ့ အစီအစဉ်တွေကိုထူထောင်ပေးခြင်းက အဖွဲ့အစည်းတစ်ခုလုံးမှာ ရလဒ်တွေဘက်ကို ဦးတည် လာနိုင်ပါတယ်။ Wachovia Bank မှာ ကျွန်ုပ်တို့က ဝန်ထမ်းအုပ်စုတစ်စုဖွဲ့ပြီး၊ စွမ်းအင်စီမံခန့်ခွဲမှုအစီအစဉ်နဲ့ ရှေ့ပြေးစမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်တွေကို တိုင်းတာစစ်ဆေးခဲ့ပါတယ်။ အစီအစဉ်မှာ ပါဝင်သူတို့က ချေးငွေပမာဏတိုးလာအောင်ဆောင်ရွက်နိုင်မှု စသည်ဖြင့် ဘဏ္ဍာရေးဆိုင်ရာ အညွှန်းကိန်းတွေမှာ စွမ်းဆောင်ရည်ကောင်းတွေရရှိလာကြပါတယ်။ ဖောက်သည်တွေနဲ့ဆက်ဆံရေးတိုးတက်ကောင်းမွန်လာကြောင်း အစီရင်ခံမှုတွေရှိလာသလို၊ အလုပ်နဲ့ ချိတ်ဆက်မှုတွေကောင်းလာပြီး၊ ဝန်ထမ်းတွေမှာ စိတ်ကျေနပ်မှုတွေရရှိ လာကြပါတယ်။ Wachovia မှာလေ့လာတွေ့ရှိမှုနဲ့ပတ်သက်လို့ ဒီဆောင်ပါးမှာ အသေးစိတ် ဆက်လက်ဖော်ပြ သွားပါမယ်။ အဲဒါပြီးနောက်မှာ အမှုဆောင်အရာရှိတွေနဲ့ မန်နေဂျာတို့က လုပ်ငန်းခွင်မှာ စွမ်းအင်တွေ ပုံမှန် ပြန်လည် တိုးတက်ပြည့်လာစေဖို့ ဘာတွေလုပ်ဆောင်နိုင်သလဲဆိုတာကို ရှင်းပြသွားပါမယ်။ The Energy Project မှာ လုပ်ခဲ့တဲ့ ချဉ်းကပ်မှုပုံစံအတိုင်း စနစ်ခိုင်ခိုင်မာမာတည်ဆောက်မယ်၊ အမျိုးမျိုးသော အနှစ်သာရ စိတ်ကူးတွေကို ချဲ့ထွင်ရပါမယ်။ Wachovia မှာစွမ်းရည်နဲ့ စွမ်းဆောင်ရည်ကိုချိတ်ဆက်ပေးခြင်း လုပ်ငန်းအဖွဲ့အစည်းကြီးတွေအများစုက ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု၊ အသိပညာပိုင်းနဲ့ အရည်အချင်း တို့ တိုးတက်လာအောင် ရင်းနှီးမြှုပ်နှံပေးကြပါတယ်။ အနည်းငယ်ကသာ ဝန်ထမ်းတွေရဲ့ စွမ်းရည်၊ စွမ်းအင်တို့ကို ထူထောင်ပေးမှုနဲ့ ဆက်လက်ထိန်းသိမ်းထားမှုအပိုင်းတွေမှာ ကူညီပံ့ပိုးပေးကြကြောင်း၊ အကြမ်းဖျင်းသိရ ပါတယ်။ တကယ်တော့ ပိုမိုကောင်းမွန်တဲ့ စွမ်းရည်တွေက လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်သက်သာစွာနဲ့အလုပ် တွေ များများပြီးမြောက်စေပြီး၊ လုပ်ငန်းနဲ့ တစ်သားတည်းဖြစ်တည်မှုပိုမိုမြင့်မားလာစေကာ၊ ရေရှည်တည်တံ့ ခိုင်မြဲလာစေပါတယ်။ ကျွန်ုပ်တို့ရဲ့ Wachovia ကအတွေ့အကြုံကတော့ မှန်ကန်တဲ့ သက်သေသာဓက တွေပဲ ဖြစ်ပါတယ်။ ၂၀၀၆ခုနှစ် အစောပိုင်းကာလတုန်းက New Jersey တောင်ဘက်ဒေသမှာရှိတဲ့ ဒေသဆိုင်ရာဘဏ်(၁၂)ခု က ဝန်ထမ်း(၁၀၆)ဦးတို့ကို သင်ရိုးညွှန်းတမ်း(၄)ခုနဲ့ လေ့ကျင့်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ၎င်းသင်ရိုးညွှန်းတမ်း တစ်ခုချင်းစီတိုင်းက အဓိကစွမ်းအင်(၄)ခုထဲက တစ်ခုချင်းစီကို အားကောင်းလာစေဖို့ အလေးကရုပြုတဲ့ ဗျူဟာချပေးထားပါတယ်။ အကြီးတန်းဦးဆောင်သူတွေကနေ အငယ်တန်းမန်နေဂျာတွေအထိပါဝင်တဲ့ လူဦး ရေ(၂၀)ဦးကနေ (၂၅)ဦးအထိပါဝင်တဲ့ အုပ်စုဖွဲ့ပြီး၊ ၎င်းတို့ကို တစ်လအကြာစီ ပို့ချပေးခဲ့ပါတယ်။ တက်ရောက် သူတွေကို သင်ရိုးညွှန်းတမ်းအရ အတန်းတွေခွဲ ထားပြီး၊ ၎င်းအတန်း အချင်းချင်းအကြား ကူညီပံ့ပိုးမှုတွေ ပေးစေခဲ့ ပါတယ်။ Wachovia ကမူလကျင့်သုံးနေတဲ့ စွမ်းဆောင်ရည်တိုင်းတာနည်းတွေကိုပဲဆက်လက် အသုံးပြုပြီး၊ ပါဝင်တဲ့ အုပ်စုတွေကို အကဲဖြတ်ကာ၊ ၎င်းအုပ်စုတွေမှာပါဝင်ကြတဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ အဆင့်တူသူ သင်တန်းမှာ ပါဝင်ခြင်းမရှိတဲ့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ခဲ့ ကြပါတယ်။ အဲဒီလိုနှိုင်းယှဉ်နိုင်ဖို့ နှစ်အလိုက် တိုင်းတာနည်းအမျိုးမျိုးတွေမှာ စွမ်းဆောင်ရည် ပြောင်းလဲမှု ရာခိုင်နှုန်းတွေကို ကြည့်ရှု့ခြင်းအားဖြင့် ယုံကြည်စိတ်ချရတဲ့ အခြေခံသတ်မှတ်တွေကို ချမှတ်ခဲ့ကြပါတယ်။ Big 3 (ချေးငွေအမျိုးအစား(၃)မျိုးကရရှိတဲ့ ဝင်ငွေ) လို့ခေါ်တဲ့တိုင်းတာချက်က အစီအစဉ်မှာ ပါဝင် ကြတဲ့ ဝန်ထမ်းတွေက နှစ်အလိုက်တိုးတက်မှုတွေမှာ မပါဝင်ကြတဲ့ ဝန်ထမ်းတွေထက် (၁၃%)ပိုမိုတိုးတက်လာ ကြောင်း ပထမ(၃)လမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အပ်ငွေကရရှိတဲ့ ဝင်ငွေမှာ (၂၀%)ပိုမို တိုးတက်လာကြောင်း တွေ့ရှိရပါတယ်။ တိုးတက်မှုအတိအကျကတော့ လအလိုက် ကွာခြားပါတယ်။ ခြွင်းချက် အနည်းကလွဲလို့ ပါဝင်ကြတဲ့ ဝန်ထမ်းတွေက အစီအစဉ်ပြီးသွားတဲ့ နောက်ပိုင်းတစ်နှစ်လုံးကို ခြုံကြည့်ပါက သိသိသာသာကြီး စွမ်းဆောင်ရည် တိုးတက်လာကြောင်း တွေ့ကြရပါတယ်။ အခြားသော ပြောင်းလဲမှုတွေက ဒီရလဒ်တွေအပေါ် လွှမ်းမိုးမှုတွေရှိ နေသော်လည်း၊ ပါဝင်ကြတဲ့ ဝန်ထမ်းတွေရဲ့ သာလွန်တဲ့ စွမ်းဆောင်ရည်တွေ ကတော့ မှတ်သားဖွယ် ကောင်းလောက်အောင် ညီညွတ်မှုရှိနေတာကို တွေ့ကြရပါတယ်။ Wachovia မှာ စွမ်းအင်တွေပြန်လည်ပြည့်ဖြိုးလာစေတဲ့ အစီအစဉ်တွေက ထုတ်လုပ်မှုစွမ်းအားကိုဘယ်လိုများ မြှင့်တင်ပေးပါသလဲ။
Wachovia Bank မှာ စွမ်းအင်ပြန်လည်ပြည်ဖြိုးလာစေတဲ့ အစီအစဉ်မှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေက အခြားသော ပါဝင်မှုမရှိတဲ့ ဝန်ထမ်းတွေနဲ့ထက် နှစ်အလိုက်စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်မှုကို ၂၀၀၆ခုနှစ် ပထမလေးလပတ်ကာလရလဒ်ကိုတင်ပြထားခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကဘယ်လိုလွှမ်းမိုးမှုတွေရှိသလဲဆိုတဲ့ မေးခွန်းကို ပါဝင်သူတို့အား ပုဂ္ဂိုလ်ရေးထိတွေ့ မေးမြန်းခဲ့ကြပါတယ်။ (၆၈%)ကဖောက်သည်တွေ၊ သုံးစွဲသူတို့နဲ့ဆက်ဆံရေးအပေါ် အကောင်းဘက်က ထိရောက်မှုတွေရှိကြောင်း တင်ပြမှုတွေရှိသလို၊ (၇၁%)က ၎င်းတို့ရဲ့ ထုတ်လုပ်မှုစွမ်းအားနဲ့ စွမ်းဆောင်ရည်တွေ မှာ သတိပြုဖွယ်၊ ကြီးမားတဲ့အပြုသဘောသက်ရောက်မှုတွေရှိကြောင်း ပြောကြပါတယ်။ ဒီတွေ့ရှိချက်က အခြား ကုမ္ပဏီကြီးတွေဖြစ်တဲ့ Ernst & Young ၊ Sony ၊ Deutsche Bank ၊ Nokia ၊ ING Direct ၊ Ford နဲ့ MasterCard တို့မှာ ရှိတဲ့ လုပ်ငန်းဦးဆောင်သူတွေအကြားမှာ ဒီလိုချဉ်းကပ်မှုရဲ့ ထိရောက်မှုနဲ့ပတ်သက်လို့ စုဆောင်းထားတဲ့ အထောက်အထားများစွာအရ ခိုင်လုံစေပါတယ်။ ခန္ဓာကိုယ်-ကာယစွမ်းအင် ကျွန်ုပ်တို့ရဲ့ အစီအစဉ်ကို ကာယစွမ်းအင်နဲ့ စတင်ပါမယ်။ အာဟာရချို့တဲ့ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ လုံလောက်တဲ့ အိပ်စက်အနားယူမှုမရှိပါက လူတို့ရဲ့ အခြေခံစွမ်းအင်အဆင့်ကို လျော့ပါး စေနိုင်တဲ့ အပြင် စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းအားတွေ လျော့ပါးစေခြင်းက ထူးဆန်းတဲ့အရာ တော့ မဟုတ်ပါ။ မည်သို့ပင်ဆိုစေကာမူ အမှုဆောင်အရာရှိအများစုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့် တွေကို တစ်စိုက်မတ်မတ် လက်တွေ့လိုက်နာလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခြင်းမပြုကြဘဲ ၎င်းတို့ရဲ့ နေ့စဉ်ဘဝမှာ အခြားသောတောင်းဆိုမှုတွေအတွက် အချိန်ပေးလိုက် ကြရတာများပါတယ်။ ကျွန်ုပ်တို့ရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမပြုမီ ၎င်းတို့ရဲ့ ကာယစွမ်းအင်တွေတိုးပွားစေမယ့်နည်းလမ်းတွေကို ရှာဖွေခြင်းနဲ့စတင်ရမှာဖြစ်ပြီး၊ စွမ်းအင်နဲ့ပတ်သက်လို့ ခန္ဓာကိုယ်၊ ခံစားချက်၊ စိတ်နဲ့ စိတ်ဓါတ်စတဲ့ စွမ်းအင်(၄)မျိုးနဲ့ပတ်သက်တဲ့ စစ်ဆေးခြင်းကို လုပ်ရမှာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် မှားယွင်းတဲ့ အမူအကျင့် ဖြစ်တဲ့ နံနက်စာ မစားခြင်း၊ အခြားလူတွေကို ကျေးဇူးတင်ကြောင်းပြသဖို့ပျက်ကွက်ခြင်း၊ တစ်ချိန်တည်းမှာ အာရုံ စူးစိုက်ဖို့ခက်ခဲနေခြင်း၊ ရည်ရွယ်ချက်ရှိတဲ့ လှုပ်ရှားမှုတွေမှာ အချိန်အနည်းငယ်သာ လုပ်ဆောင်ခြင်း စတာ တွေနဲ့ သက်ဆိုင်တဲ့ မေးခွန်း(၁၆)ခုထဲက (၈)ခုကနေ(၉)ခုအထိ ဖြေဆိုရပါမယ်။ တစ်ချိန်တည်းမှာပဲ ပါဝင်သူ အများစုက ဒီအမူအကျင့်တွေက ထုတ်လုပ်နိုင်မှုစွမ်းအားနဲ့ဆန့်ကျင်ဖက်သဘောတရားဖြစ်တာကို အံ့ဩမှု မဖြစ်ကြဘဲ၊ ဒါတွေကို တစ်နေရာတည်းမှာ စုစည်းပြသထားမယ်ဆိုရင် စိတ်မသက်မသာဖြစ်ခြင်း၊ သတိထား နေရခြင်းနဲ့ ကြောက်ရွံ့နေရခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ စစ်ဆေးတွေ့ရှိချက်က ဝန်ထမ်းတွေရဲ့ အကြီးမား ဆုံးသော စွမ်းအင်ဆုံးရှုံးမှုတွေကို မီးမောင်းထိုးပြထားပါတယ်။ ပါဝင်သူတို့က ၎င်းတို့အနေနဲ့ လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့အလေ့အကျင့်တွေက စွမ်းအင်အဆင့်အတန်းတွေပေါ်မှာ လွှမ်းမိုး မှုတွေရှိနေကြောင်း၊ သိရှိနားလည်မှုကို မြှင့်တင်ပေးဖို့ ထုတ်ထားတဲ့ပုံစံတွေကိုလဲ ဖြည့်စွက်ကြရပါတယ်။ နောက်အဆင့်က ကာယစွမ်းအင်တွေကို ပြန်လည်ပြည့်ဖြိုးဖို့နဲ့ ထူထောင်ဖို့ အစီအစဉ်တွေကိုခွဲခြား သတ်မှတ်ခြင်းဖြစ်ပါတယ်။ Wachovia ရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ Gary Faro က ဒီအစီအစဉ်ကိုစတင်ခဲ့ပါတယ်၊ သူက စားသောက်ပုံမမှန်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းမလုပ်ခြင်း၊ အချိန်အကြာကြီး အလုပ်လုပ်ခြင်း၊ ညအိပ် ရာမှာ (၅)နာရီ(သို့)(၆)နာရီထက် ပိုမအိပ်ခြင်းတို့ကြောင့် သိသိသာသာအဝလွန်သူဖြစ်ပါတယ်။ ဒါကတော့ လုပ်ငန်းကိုဦး ဆောင်သူတွေ၊ မန်နေဂျာတွေအကြားမှာရှိနေတဲ့ သာမန် ပုံပန်းသဏ္ဍာန်တွေပဲဖြစ်ပါတယ်။ အစီအစဉ် တစ်လျှောက်မှာ Faro ကနှလုံးသွေးကြောဆိုင်ရာနဲ့ ကြံ့ခိုင်မှုသင်ခန်းစာတွေကို ပုံမှန်စတင်လုပ်ဆောင် ရပါတယ်။ သူက ညဘက်ဆိုရင် သတ်မှတ်ထားတဲ့အချိန်မှာ အိပ်ယာဝင်ခြင်းအားဖြင့် အိပ်ချိန်ကို ပိုလာစေ ပါတယ်။ သူရဲ့ စားသောက်မှုပုံစံကို တစ်နေ့မှာ အစားအစာကို (၂)ကြိမ် အများအပြားစားသောက်ခြင်း ကနေ အစာအနည်းငယ် ကို (၃)နာရီခြား တစ်ခါစားသောက်ခြင်းပုံစံသို့ ပြောင်းလဲခဲ့ပါတယ်။ ရည်ရွယ်ချက်က ရှိရမယ့် ဂလူးကို့စ် အဆင့်ကို တည်ငြိမ်စေဖို့ ဖြစ်ပြီး၊ အတက်အကျဖြစ်ခြင်းကိုရှောင်ရှားဖို့ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ကနေ သူ ပေါင်(၅၀)ကျသွားခဲ့ပြီး၊ အင်အားတွေ တိုးတက်ရရှိလာပါတယ်။ Faro က “အာရုံပိုစိုက်နိုင်အောင်၊ ကြီးမားတဲ့ စီမံချက်တွေကို မနက်ပိုင်းအချိန်ဇယားမှာထည့်ထားလေ့ရှိကြောင်း၊” ပြောပါတယ်။ “အရင်ကလို နောက်ထပ် လုပ်စရာတောင် မလိုတော့ဘူး၊ ညနေ ၅:၀၀နာရီအချိန်မှာ မနက် ၈:၀၀နာရီမှာလိုပဲ အာရုံစူးစိုက်မှု တွေ လုပ်လာနိုင်တာကို တွေ့ခဲ့ရပြီဖြစ်ပါတယ်။” Faro ကျင့်ကြံတဲ့ နောက်ထပ် အစီအစဉ်ကတော့ တစ်နေကုန် အလုပ်လုပ်နေစဉ်တစ်လျှောက်လုံးမှာ ကြားမှာနားချိန်တိတိကျကျသတ်မှတ်ပြီး၊ အလုပ်စားပွဲက ခေတ္တခဏထွက်ခွာခြင်းဖြင့် ပုံမှန်အနားယူပါတယ်။ ဒီလို အနားယူခြင်းက ဇီဝကမ္မဗေဒအရ တန်ဘိုးရှိပါတယ်။ အားအင်တွေက အနားယူလိုက်ရင်ပြန်တက်လာပြီး၊ အသုံးပြုလိုက်တာနဲ့ တဖြည်းဖြည်းပြန်ကျသွားတဲ့ စည်းချက်က (၉၀) မိနစ်ကနေ (၁၂၀) မိနစ်ကြာသည်အထိ ပုံမှန် ဇီဝစက်ဝန်းတစ်ပတ်လည်ခြင်းဖြစ်ပြီး၊ ၎င်းလည်ပတ်ခြင်းအရ ခန္ဓာကိုယ်က စွမ်းအင်မြင့်မားရာကနေ တဖြည်းဖြည်း ဇီဝကမ္မဗေဒဆိုင်ရာချောက်ထဲ ထိုးဆင်းသွားပါတယ်။ ဒါကြောင့် ဇီဝစက်ဝန်းရဲ့ အဆုံးပိုင်းကို ရောက်လာတာနဲ့ ခန္ဓာကိုယ်က ပြန်လည်အားအင်ပြည့်ဖြိုးစေဖို့လိုအပ်လာပါတယ်။ အချက်ပြမှုတွေက ကိုယ် လက်ဂနာမငြိမ်ဖြစ်ခြင်း၊ သန်းဝေခြင်း၊ ဗိုက်ဆာခြင်းနဲ့ အာရုံစိုက်ဖို့ ခက်ခဲခြင်းတို့ဖြစ်ပြီး၊ ဒါပေမယ့်လဲ ကျွန်ုပ်တို့ အများစုက ဒါကိုလစ်လျှူရှု့တတ်ကြပြီး၊ အလုပ်တွေကိုဆက်လက်လုပ်ကိုင် ဆောင်ရွက်နေတတ်ကြပါတယ်။ ရလဒ်ကတော့ စွမ်းအင်တွေ-ကျန်နေတဲ့စွမ်းအားတွေပါ-လောင်ကျွမ်းကုန်ပြီး၊ ပင်ပန်းနွမ်းနွယ်မှုတွေ ဖြစ်လာ ရခြင်း ဖြစ်ပါတယ်။ ကြားကာလတစ်ခုမှာ အနားပေးခြင်းက ပြန်လည်အားအင်ပြည့်လာစေကြောင်းရှာဖွေတွေ့ရှိခဲ့ကြပြီး နောက် ရလဒ်အားဖြင့် မြင့်မားကာ ရေရှည်မှာ စွမ်းဆောင်ရည်ပိုမိုတည်တံ့လာစေနိုင်ပါတယ်။ ပြန်လည်အားအင် ပြည့်လာစေဖို့အချိန်ပေးရခြင်းက အရည်အသွေးထက်စာရင် သိပ်မပြောပလောက်ပါဘူး။ အကယ်၍ အစီ အစဉ်ကအလုပ်နဲ့ကင်းကွာဖို့ခွင့်ပြုပေးနိုင်ပြီး၊ မှန်ကန်တဲ့ခေါင်းစဉ်အပြောင်းအလဲကို ခွင့်ပြုပေးမယ် ဆိုရင်၊ အချိန်တိုအတွင်း (မိနစ်အနည်းငယ်)မှာ ပြန်လည်ပြည့်ဖြိုးမှုများစွာကို ရရှိစေနိုင်ပါတယ်။ ဘယ်လိုအရာတွေက ဖြစ်နိုင်မလဲ-လုပ်ဖော်ကိုင်ဖက်တွေဆီထသွားပြီး အလုပ်နဲ့ပတ်သက်တာထက် အခြားအကြောင်းအရာတွေ ပြောဆိုကြခြင်း၊ iPod ကနေ သီချင်း နားထောင်ခြင်း၊ ရုံးအဆောက်အအုံထဲမှာ လှေကားအတက်အဆင်း လုပ်ခြင်း တို့ပဲဖြစ်ပါတယ်။ ဒီလိုခေတ္တ အနားယူခြင်းက အဖွဲ့အစည်းအများစုမှာရှိနေတဲ့ အလေ့အထတွေနဲ့ ဆန့်ကျင်တဲ့ သဘောရှိပြီး၊ အောင်မြင်မှုမြင့်မားသူတို့မှာ ၎င်းတို့ရဲ့ တန်ဖိုးထားရာတွေက ဘက်ပေါင်းစုံအမျိုးမျိုး ဖြစ်နိုင်တော့ ၎င်းတို့အတွက် ကျိုးကြောင်းဆီလျှော်မှုနဲ့ ဆန့်ကျင်နေတတ်ပါတယ်။ Matthew Lang က တောင်အာဖရိကနိုင်ငံမှာရှိတဲ့ Sony ရဲ့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်ပါတယ်။ သူက Faro လုပ်သလိုပဲ လုပ်ဆောင်ပြီး၊ နေ့ခင်းဘက်မှာ မိနစ်(၂၀)ခန့်လမ်းလျှောက်ခြင်းလဲ ပါဝင်ပါတယ်။ လမ်း လျှောက်ခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုကို သက်သာစေရုံသာမက အခြားသော ကိုယ်လက်လေ့ကျင့်ခန်း အချို့ကိုပါပေးစွမ်းနိုင်ပြီး၊ အကောင်းဆုံးသောဆန်းသစ်တီထွင်နိုင်တဲ့အကြံဉာဏ်တွေကိုပါ ရရှိနိုင်တဲ့ အချိန်လဲ ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ သူလမ်းလျှောက်နေစဉ်မှာ တွေးတောမှုတွေကို အားထည့် မလုပ်နိုင်ဘူး၊ ဒီလိုဖြစ်ခြင်းက သူရဲ့ ဘယ်ဘက် ဦးနှောက် ကလွှမ်းမိုးမှုရှိနေရာကနေ ညာဘက်အခြမ်းကို ပြောင်းလဲပေးခြင်း အားဖြင့် မြင်ကွင်းကျယ်ကျယ်နဲ့ ထင်ထင်ရှားရှားမြင်နိုင်၊ မှန်းဆနိုင်ခြင်းတို့ကို ဖြစ်လာစေပါတယ်။ စိတ်ခံစားမှု-စွမ်းအင်ရဲ့ အရည်အသွေး လူတွေက ၎င်းတို့ရဲ့ စိတ်ခံစားမှုကို ပိုမိုထိန်းချုပ်လာနိုင်တာနဲ့အမျှ ပြင်ပကဖိအားပေးနေမှုတွေရှိနေ သော်လည်း၊ ဒါတွေကိုကရုမထားဘဲ ၎င်းတို့ရဲ့စွမ်းအင်တွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လာနိုင် ပါတယ်။ ဒါကိုလုပ်နိုင်ဖို့ ၎င်းတို့ရဲ့လုပ်ငန်းခွင်ထဲမှာ အကြောင်းအချင်းအရာအမျိုးမျိုးနဲ့ပတ်သက်လို့ဘယ်လိုခံစား နေရသလဲ၊ ဒီလိုစိတ်ခံစားချက်က ၎င်းတို့အပေါ်မှာဘယ်လောက်အတိုင်းအတာအထိသက်ရောက်မှုတွေရှိနေမယ် ဆိုတာကိုအရင်ဦးဆုံး သိအောင်လုပ်ရမှာဖြစ်ပါတယ်။ အားရှိနေတယ်လို့ခံစားနေရတဲ့အချိန်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ကြကြောင်း အများစုက သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ ဘာထူးဆန်းတာလေး တွေ့ရသလဲ ဆိုတော့ ၎င်းတို့မှာ အခြားသောစိတ်ခံစားမှုတွေရှိနေတဲ့အချိန်မှာ ထိထိရောက်ရောက်နဲ့ ကောင်းကောင်းမွန်မွန် ဘာမှမလုပ်နိုင်ကြတော့ခြင်းဖြစ်ပါတယ်။ အလုပ် လုပ်နေစဉ်မှာ အချိန်တစ်ခုကြာပြီးတိုင်း၊ ပြန်လည်အားဖြည့်ခြင်းကိုမလုပ်ခဲ့ဘူးဆိုရင် ကံဆိုးစွာပဲ ဇီဝကမ္မဗေဒအားဖြင့် အကောင်းမြင်စိတ်ကို အချိန်ကြာကြာထိန်းထားနိုင်တော့မှာမဟုတ်ပါ။ အတောမသတ်တဲ့ အသည်းအသန်တောင်းဆိုမှုတွေနဲ့ မျှော်မှန်းမထားတဲ့ စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ မကောင်းတဲ့ စိတ်ခံစားချက်ဘက်ကို ချော်ထွက်သွားတတ်ပြီး၊ ပြန်လည်တိုက်ခိုက်မှုတွေလုပ်မလား၊ ရှောင်ပြေး သွားမလား ဆိုတာ နေ့တစ်နေ့မှာ အကြိမ်ကြိမ်ကြုံတွေ့နေရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် စိတ်ရှည်သည်းခံနိုင်မှုနည်း ပါးပြီး၊ အမျက်ဒေါသထွက်ခြင်း (သို့) စိုးရိမ်ပူပန်ခြင်းတွေနဲ့ လုံခြုံမှုမရှိတော့ပါ။ ဒီလိုစိတ်အခြေအနေမျိုးမှာ စွမ်းအင်တွေကို ဖောက်ချ၊ ဖွင့်ချလိုက်သကဲ့သို့ဖြစ်ပြီး၊ ဆက်ဆံရေးတွေမှာလဲ ပွတ်တိုက်မှုတွေဖြစ်လာပါမယ်။ တိုက်မလား၊ ရှောင်ပြေးမလားဆိုတဲ့ ခံစားမှုမှာ ရှင်းလင်းပြီး၊ ကျိုးကြောင်းဆီလျှော်မှုနဲ့ သေချာကရုတစိုက် စဉ်းစားနိုင်ဖို့ မဖြစ်နိုင်ပါ။ အမှုဆောင်ပုဂ္ဂိုလ်တို့က ဘယ်လို အဖြစ်အပျက်အကြောင်းအရာတွေက မကောင်းတဲ့ စိတ်ခံစားချက်တွေကိုဖြစ်ပေါ်စေသလဲဆိုတာကို သိအောင်လုပ်လာနိုင်တာနဲ့အမျှ တုံ့ပြန်လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ဖျောက်ဖျက်ဖို့ လွယ်ကူရိုးစင်းပြီး၊ စွမ်းအားကြီးတဲ့ အစီအစဉ် ကတော့ အချိန်ပေးခြင်းပဲဖြစ်ပါတယ်။ အသက် ပြင်းပြင်းရှုခြင်းကလဲ နည်းတစ်နည်းဖြစ်ပါတယ်။ (၅)စက္ကန့်(သို့) (၆)စက္ကန့်အကြာမှာ ဖြည်းဖြည်းလေးရှုထုတ်ခြင်းက စိတ်ကိုဖြေလျော့ခြင်းနဲ့ ပြန်လည်ကောင်းမွန်လာဖို့ ဆွဲ ဆောင်နိုင်တဲ့နည်းဖြစ်ပြီး၊ တိုက်မလား၊ ရှောင်ပြေးမလားဆိုတဲ့ တုံ့ပြန်လိုတဲ့ခလုတ်ကိုပိတ်ပြီးသားဖြစ်သွား ပါလိမ့်မယ်။ ဥရောပတိုက်က Sony ရဲ့ ဥက္ကဌဖြစ်တဲ့ Fujio Nishida နဲ့ စတင်လုပ်ခဲ့စဉ်တုန်းက သူ့မှာ စိတ်ဖိစီးမှု တွေရှိလာပြီဆိုရင် စီးကရက်မီးညှိမှုကိုလုပ်တတ်တဲ့ အမူအကျင့်ရှိတာကိုတွေ့ရပါတယ်။ အနည်းဆုံး တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်သူက ဆေးလိပ်သောက်လေ့မရှိပါ။ ဒါကြောင့်သူ့ကို ဆေးလိပ်သောက်ခြင်းအစား၊ အသက်ရှုလေ့ကျင့်ခန်းလုပ်နည်းကို ပြသပေးခဲ့ပါတယ်။ ဒီနည်းက ချက်ချင်း အလုပ်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလဲ နောက်ထပ်ဆေးလိပ်သောက်လိုတဲ့ဆန္ဒမရှိတာကို သိလာရပါတယ်။ ဆေးလိပ်သောက်ခြင်းက သူရဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေတာမဟုတ်ပါဘူး၊ အသက်ပြင်းပြင်းရှုသွင်း၊ ရှုထုတ် ခြင်းနည်းက ချက်ချင်းသက်သာမှု ရရှိလာတာဖြစ်ကြောင်း နိဂုံးချုပ်နိုင်ခဲ့ပါပြီ။ စိတ်ခံစားမှုကို အားဖြည့်ပေးနိုင်တဲ့ စွမ်းအားကြီးတဲ့ အပြုသဘောဆောင်မှုက အခြားသောလူတွေကို ကျေးဇူးတင်ကြောင်းပြသခြင်းပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ပေးတဲ့လူဆိုပေမယ့် အကျိုးရလဒ်ရသူ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်မှာလဲ-ကျေးဇူးတင်ကြောင်း လက်ရေးမူနဲ့ရေးသားပေးပို့ခြင်းဖြင့်သော် လည်းကောင်း၊ e-mail နဲ့သော်လည်းကောင်း၊ ဖုန်းနဲ့ (သို့) လူကိုယ်တိုင် ပြောဆိုခြင်းဖြင့်သော်လည်းကောင်း၊ ပြုလုပ်နိုင်ပြီး၊ ပိုမိုတိကျကာ အသေးစိတ်ပြောဆိုနိုင်လေ သက်ရောက်မှုက ကြီးလေဖြစ်ပါတယ်။ အစီအစဉ် အားလုံးအနေနဲ့က အဲဒီလိုလုပ်ဖို့ အတွက် အချိန်ပေးခြင်းက အောင်မြင်ဖို့ အခွင့်အလမ်းတွေ အများအပြားတိုး စေပါတယ်။ North Carolina မှာရှိတဲ့ Charlotte ဒေသက Wachovia အထွေထွေဘဏ် ဒုတိယဥက္ကဌ ဖြစ်တဲ့ Ben Jenkins က သွန်သင်လမ်းညွှန်မှုလုပ်ခြင်းကို သူနှစ်သက်တဲ့အစီအစဉ်အဖြစ်သတ်မှတ်ပြီး၊ ၎င်းအတွက် အချိန်ယူပါတယ်။ သူ့အတွက်အလုပ် လုပ်ပေးနေကြသူတို့နဲ့ နေ့လယ်စာ(သို့)ညစာ ပုံမှန်စားနိုင်ဖို့ စတင် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အရင်တုန်းကတော့ သူ့ထံတိုက်ရိုက်တင်ပြခွင့်ရှိသူတွေနဲ့သာ လစဉ်အစီရင်ခံခြင်းကို နားထောင်ခြင်း (သို့)နှစ်ကုန် စွမ်းဆောင်ရည်အကဲဖြတ်ခြင်းတို့အတွက်သာ ထိုင်ပေးလေ့ရှိခဲ့ပါတယ်။ အခုတော့ စားရင်း သောက်ရင်း သူ့ဝန်ထမ်းတွေရဲ့ အောင်မြင်မှုတွေ အသိအမှတ်ပြုခြင်းကို ဦးစားပေးပြီး၊ လတ်တလော လုပ်ရမယ့် အလုပ်တွေထက် ၎င်းတို့ရဲ့ ဘဝအကြောင်းတွေ၊ ဆန္ဒတွေနဲ့ပတ်သက်တာတွေကို ပြောဆိုဆွေးနွေး လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လူတွေက သူတို့ရဲ့ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်းတွေကို ပြောင်းလဲနိုင်ဖို့ကြိုးစား လေ့လာခြင်းအားဖြင့် အကောင်းဘက်က စိတ်ခံစားချက်တွေကို မွေးမြူနိုင်ပါတယ်။ ရံဖန်ရံခါ ပဋိပက္ခဖြစ်နေတဲ့ လူက ၎င်းတို့ကို ၎င်းတို့ သားကောင်အဖြစ် ပစ်သွင်း လိုက်ပြီး၊ ၎င်းတို့ရဲ့ ပြဿနာအတွက် အခြားလူတွေ (သို့) ပြင်ပအခြေအနေတို့ကို အပြစ်ဖို့တတ်ကြပါတယ်။ အခြေအနေတွေကပေးတဲ့ အချက်အလက်တွေနဲ့ ကျွန်ုပ်တို့က ထိုအချက်အလက်ကိုဘာသာပြန်ရာမှာ ကွဲလွဲချက်တွေကိုသိလာတာနဲ့အမျှ အစွမ်းထွက်လာနိုင်ပါတယ်။ ကျွန်ုပ် တို့နဲ့အတူတွဲလုပ်နေကြသူတွေက ပေးထားတဲ့ အဖြစ်အပျက်အချင်းအရာကို ဘယ်လိုရှု့မြင်သလဲဆိုတာကတော့ သူတို့ရဲ့ ရွေးချယ်မှုဖြစ်ပြီး၊ သူတို့ပြောတဲ့ ဇာတ်လမ်းက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လောက်အထိ လွှမ်းမိုးမှုရှိတယ်ဆိုတာကို သိဖို့ ထုတ်ဖော်ပြသမှုတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့က မျှော်လင့်ဖို့အကောင်းဆုံးသော ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ချုံ့ခြင်း(သို့)ပယ်ခြင်း မရှိဘဲ သူတို့ကို သင်ကြားပြသပေးပါတယ်။ လူတွေက သူတို့ရဲ့ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်းတွေကို ပြောင်းလဲဖို့ ကြိုးစား လေ့လာခြင်းအားဖြင့် အကောင်းဘက်က စွမ်းအင်တွေကို မွေးမြူနိုင်ပါတယ်။ ကျွန်ုပ်တို့က ဖြစ်နိုင်ချေရှိတဲ့ မျှော်လင့်ဖို့ အကောင်းဆုံးသော ဇာတ်လမ်းတွေကို ပြောပြခြင်းနည်းဖြင့် သင်ကြားပေးရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို အမြင်ပြောင်းလဲပေးနိုင်မယ့် အထိရောက်ဆုံးသောနည်းလမ်းက ထိခိုက်ခံစား နေရသူတွေဘက်ကပါ ပြောင်းလဲကြည့်ရှု့ပေးနိုင်မယ့် မှန်ဘီလူးအသစ်သုံးလက်နဲ့ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ အနောက်ဘက်ပြန်ကြည့်နိုင်တဲ့ မှန်ဘီလူးတွေက၊ ဥပမာအားဖြင့်၊ “ဒီပဋိပက္ခမှာ အခြားလူတွေက ဘာတွေပြော ကြမလဲ၊ ဘယ်လိုနည်းလမ်းတွေက မှန်ကန်မလဲ။” စသဖြင့် သူတို့ကို သူတို့ ပြန်လည်မေးကြည့်ခြင်းဖြစ်ပါတယ်။ မှန်ဘီလူး အရှည်နဲ့ကြတော့ “ဒီအခြေအနေကို နောင်ခြောက်လအကြာမှာ ဘယ်လိုပုံစံမျိုးမြင်နိုင်မလဲ။” မြင်ကွင်း ကျယ်တဲ့ မှန်ဘီလူးနဲ့က “ဒီပြဿနာရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ၊ အဲဒီကနေလေ့လာသင်ယူပြီး၊ ဘယ်လို တိုးတက်အောင်လုပ်နိုင်မလဲ။” စသဖြင့် သူတို့ကို သူတို့မေးခွန်းတွေပြန်မေးကြည့်ရပါမယ်။ ဒီမှန်ဘီလူး တစ်ခု ချင်းစီက လူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အကောင်းမြင်စိတ်ခံစားချက်ကို ပိုမိုမွေးမြူနိုင်ဖို့ ကူညီပေးနိုင်ပါ လိမ့်မယ်။ ဥရောပတိုက်က Sony မှာ director of corporate communication အဖြစ်တာဝန်ယူထားတဲ့ Nicolas Babin က သတင်းထောက်တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး၊ ၂၀၀၆ခုနှစ်တုန်းက ဘက်ထရီနဲ့ပတ်သက်လို့၊ သတင်းထောက်တွေရဲ့ အများဆုံး မေးမြန်းခံရတဲ့သူလဲဖြစ်ပါတယ်။ အချိန်ကြာလာတာ နဲ့ အမျှ သူရဲ့အလုပ်က စိတ်ပျက်စရာကောင်းပြီး၊ ပိုပင်ပန်းလာတယ်လို့ ထင်လာပါတယ်။ သူက မှန်ဘီလူး လေ့ကျင့်ခန်းတွေကို လက်တွေ့လုပ်ပြီးတဲ့နောက်မှာ သူရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ အကောင်းမြင်စိတ်နဲ့ ယုံကြည်စိတ်တွေတိုးလာမယ့်နည်းလမ်းသစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ “ကျွန်တော်သိလိုက်ရပါပြီ အဲဒါကဘာလဲ ဆိုတော့ ကျွန်တော့်အတွက်က သတင်းထောက်တွေနဲ့ ထိတွေ့နေခြင်းက သူတို့နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး၊ ရိုးသားပွင့်လင်းခြင်းအားဖြင့် Sony ကို ယုံကြည်ကိုးစားမှုတွေတိုး လာစေပါတယ်။” လို့သူက ရှင်းပြပါတယ်။ စိတ်-စွမ်းအင်ကို အာရုံစိုက်ခြင်း အမှုဆောင်လူကြီးတွေက လုပ်ငန်းဆိုင်ရာ တောင်းဆိုချက်တွေများပြားလို့ ကယောင်ချောက်ချား ဖြစ်လာပြီဆိုတာနဲ့၊ တစ်ပြိုင်နက်၊ တာဝန်အများအပြားလုပ်ကိုင်နိုင်စွမ်းရှိမှုကို မရှိမဖြစ်လိုအပ်ချက် အဖြစ် ရှု့မြင်လာကြပါတယ်။ ဒါဟာတကယ်တော့ လုပ်ကိုင်နိုင်မှုစွမ်းအားကို ထိခိုက်စေပါတယ်။ အာရုံထွေပြားမှုက ငွေကုန်ကြေးကျများစေပါတယ်၊ ဘာကြောင့်လဲ၊ အလုပ်တစ်ခုကိုလုပ်နေရာကနေ နောက်တစ်ခုကို ပြောင်းလုပ်ရ တော့ အာရုံစူးစိုက်မှုကိုပြောင်းလဲပေးရပြီး(e-mail ကိုပြန်ကြားနေချိန်(သို့)ဖုန်းခေါ်ဆိုမှုကို ပြန်လည် ဖြေကြားမှု တို့ကို ရပ်ဆိုင်းပြီး)၊ မူလ အလုပ်ကို ပြန်လုပ်တဲ့အခါ နဂိုကြာရမယ့်အချိန်ထက် (၂၅ %) လောက် ပိုကြာနိုင်ခြင်းက အချိန်ပြောင်းပေးရခြင်းဖြစ်စဉ် တစ်ခုပဲဖြစ်ပါတယ်။ လူတစ်ယောက်က မိနစ်(၉၀) ကနေ မိနစ်(၁၂၀)အထိသာ အကျိုးရှိရှိနဲ့ အာရုံစူးစိုက်နိုင်တာဖြစ်တဲ့အပြင်၊ နောက်အလုပ်တစ်ခုကို အပြည့်အဝ အာရုံ စိုက်နိုင်ဖို့အတွက် ကြားကာလ အနားပေးဖို့လိုအပ်ပါတယ်။ ယခုလို အလုပ်လုပ်နေကြရတဲ့အချိန်ကို “တာတိုပြေးခြင်း” လို့ဆို နိုင်ပါတယ်။ လူတွေဟာ အာရုံစူးစိုက်ဖို့ ဘယ်လောက်အထိ ရုန်းကန်နေရသလဲ ဆိုတာကို သိမြင်လာတာနဲ့အမျှ ၎င်းတို့ရဲ့ ဘဝတွေမှာ နည်းပညာကမိတ်ဆက်လို့ ဖြစ်ပေါ်လာတဲ့ အဆက်မပြတ်သော အနှောင့်အယှက်တွေကို လျှော့ချနိုင်ဖို့ အတွက် အမူအကျင့်တွေကို ပြုပြင်နိုင်ရပါမယ်။ နေ့စဉ်နှောက်ယှက်မှုတွေရဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေနဲ့ စတင်ကြရမှာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ သတင်း ပို့တင်ပြမှု တွေက ဖြစ်လာတဲ့ ပုံမှန်ကြားဖြတ်နှောက်ယှက်မှုတွေကြားထဲက ရှုပ်ထွေးခက်ခဲတဲ့ အလုပ်တာဝန်တွေပြီး မြောက် အောင်မြင်ဖို့ ကျိုးပမ်းကြရမှာဖြစ်ပါတယ်။ Wachovia က Vice president ဖြစ်တဲ့ Dan Cluna က သူရဲ့ အာရုံစိုက်မှု ပိုကောင်းလာစေဖို့ လုပ်ငန်းစဉ် (၂)ခုကို ပုံဖော်ခဲ့ပါတယ်။ ပထမတစ်ခုက အာရုံစူးစိုက်ဖို့လိုအပ်တဲ့ တယ်လီဖုန်းတွေ e-mail စတာတွေကို အလုပ်စားပွဲမှာ ထားခဲ့ပြီး၊ အစည်းအဝေးတက်ခြင်းဖြစ်ပါတယ်။ သူအခု အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး အလုပ်ချိန်ရဲ့ တတိယအပိုင်းမှာ အဆုံးသတ်ခြင်းကို လုပ်ဆောင်နေပါပြီ။ Cluna က၎င်းထံ တိုက်ရိုက်အစီရင်ခံနေကြတဲ့ ဘဏ္ဍာရေးကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံအစည်းအဝေးပြုလုပ်ခြင်းကို ၎င်းရဲ့ဒုတိယ လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယခင်တုန်းက အစည်းအဝေးကျင်းပနေစဉ်မှာ ဖုန်းဝင်လာရင်လဲ ကရုတစိုက်ပြန်လည် ဖြေကြားမှုတွေ လုပ်ခဲ့ပါတယ်။ ရလဒ်က အစည်းအဝေးအချိန် ပိုမိုကြာမြင့်ခြင်းပဲ ဖြစ်ပါတယ်။ အခုတော့ သူရဲ့ တယ်လီဖုန်းကို voice mail ဘက်ကိုပြောင်းထားခြင်းအားဖြင့် ၎င်းရဲ့အရှေ့မှာ ရှိနေကြသူတွေ အတွက် အပြည့်အဝစိတ်နှစ်ထားနိုင်ပါပြီ၊ voice mail မှာစုထားတဲ့ တယ်လီဖုန်းလက်ခံထားမှု တွေကို အစည်းအဝေးပြီးလို့ အလုပ်ပါးချိန်မှာ ပြန်လည်ဖြေကြားမှုတွေကို လုပ်ဆောင်လာပါတယ်။ E&Y ကတွန်းတွန်းတိုက်တိုက်လုပ်တတ်တဲ့ Wanner က ယခင် တစ်နေ့လုံး e-mail တွေကို အဆက် မပြတ်ဖြေကြား(အချက်ပေးသံမြည်လာတိုင်း)ခဲ့ရာကနေ ယခုအခါ နံနက် ၁၀:၁၅နဲ့ နေ့ခင်း ၂:၃၀မှာ တစ်ကြိမ်စီနဲ့ တစ်နေ့ နှစ်ကြိမ်သာ e-mail စစ်ဆေးပြန်ကြားမှုကို လုပ်ဆောင်လာပါတယ်။ ယခင်တုန်းကတော့ သူက လာသမျှ e-mail တွေကို ကိုင်တွယ်ဖြေကြားမှုတွေကို အကုန်မလုပ်နိုင်ခဲ့ပေမယ့်၊ ယခုမှာတော့ e-mail အတွက် (၄၅မိနစ်) အချိန်ပေးကာ အပြည့်အဝအာရုံစိုက်ပြီး၊ ဝင်လာသမျှကို ရှင်းလင်းနိုင်ပြီဖြစ်ပါတယ်။ Wanner က ၎င်းနဲ့ e-mail ကနေပုံမှန် ဆက်သွယ်နေကြသူတွေရဲ့ မျှော်လင့်ချက်တွေကိုလဲ ပြန်လည်သတ်မှတ်ပေးခဲ့ပါတယ်။ “ကျွန်တော်က သူတို့ကို အကယ်၍ အရေးကြီးမယ်၊ ချက်ချင်းဖြေကြားစေလိုတာရှိမယ်ဆိုရင် ဖုန်းခေါ်ပေးပါ၊ ကျွန်တော်အမြဲဖုန်း ကိုင်ပါမယ်” လို့ပြောထားပါတယ်။ ကိုးလကြာပြီးသည့်တိုင်အောင် ထိုသို့သော ဖုန်းခေါ်မှုကို လက်ခံရရှိခြင်းမရှိ သေးပါ။ E&Y က senior manager ဖြစ်တဲ့ Michael Henke က ပြီးခဲ့တဲ့ ဆောင်းရာသီ အလုပ်ကျစဉ်ကာလ အစပိုင်းမှာ သူရဲ့ အဖွဲ့သားတွေနဲ့ အစည်းအဝေးထိုင်ပြီး၊ စနစ်မှာ တစ်ပါတည်းပါတဲ့ instant-message စနစ်ကို အလုပ်ချိန်မှာ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူ့ထံ မေးမြန်းပြောဆိုမှုတွေ လုပ်လို့မရတော့ခြင်း၊ ဖြစ်ပါတယ်။ သူက Wanner လိုပါပဲ အရေးကြီးလာပြီဆိုရင် ဖုန်းခေါ်ပေးဖို့ ပြောခဲ့ပေမယ့် တစ်ယောက်မှ မခေါ်ဆိုခဲ့ကြပါ။ အလုပ်ချိန်တစ်နေ့တာကာလမှာ ပုံမှန်အနားယူခြင်းပြုလုပ်ဖို့နဲ့ ပုံမှန်စားသောက် ဖို့ သူရဲ့အဖွဲ့သားတွေကို တိုက်တွန်းပေးပါတယ်။ အလုပ်ကောင်းတဲ့ ရာသီကုန်ဆုံးချိန်မှာ စွမ်းအင်ပြန်လည် ပြည်ဖြိုးလာစေတဲ့အစီအစဉ်ကို လိုက်နာတဲ့အဖွဲ့က မလိုက်နာတဲ့အဖွဲ့ထက်စာရင် ဘတ်ဂျက်လျော့သုံးနိုင်ပြီး၊ အမြတ်ငွေပိုရှာပေးနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။ “ကျွန်ုပ်တို့က ပမာဏတူတဲ့အလုပ်တွေကို သူများထက်စာရင် အချိန်နဲနဲ နဲ့ ပိုလုပ်နိုင်ခဲ့ကြပါတယ်။” လို့ Henke က ပြောဆိုခဲ့ပါတယ်။ “ဒါကနှစ်ဖက်လုံးကို win-win ဖြစ်စေခဲ့တာပါ။” စိတ်စွမ်းအင်ကိုလှုံ့ဆော်ပေးနိုင်မယ့် အခြားသောနည်းလမ်းက လှုပ်ရှားမှုတွေကို စနစ်တကျအာရုံစူးစိုက် လုပ်ဆောင်ခြင်းက ရေရှည်မှာ အကြာကြီး အမြင့်မားဆုံးသော အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ စိန် ခေါ်မှုများတဲ့အလုပ်တွေကို ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲထားကြပြီး၊ နောက်ဆုံးအချိန်ကျမှ ကမန်းကတန်းထလုပ် တတ်ကြပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အထိရောက်ဆုံးသော လုပ်နည်းကတော့ နောက်တစ်နေ့မှာ စိန်ခေါ်မှု အရှိနိုင် ဆုံးသော အလုပ်ကို ပထမဦးစားပေးမှာ ထည့်သွင်းရန်စီစဉ်ထားခြင်းကို ညကတည်းက စဉ်စားထားခြင်းပဲဖြစ်ပါ တယ်။ ပဲရစ်မြို့က Sony Europe မှာ vice president အဖြစ်တာဝန်ယူထားတဲ့ Jean Luc Duquesne က အများတကာကဲ့သို့ပဲ ရုံးရောက်တာတဲ့ e-mail တွေကို ပြန်ကြားမှုတွေ လုပ်ဆောင်နေကြဖြစ် ပါတယ်။ ယခုအခါမှာ သူက နေ့စဉ် ပထမတစ်နာရီအချိန်မှာ အရေးကြီးဆုံးသောအလုပ်တာဝန်တွေကို အရင်ဦးဆုံး အာရုံစိုက်လုပ်ကိုင်ဖို့ ကြိုးစားလာပါပြီ။ သူ့အနေနဲ့ မနက်၁၀:၀၀နာရီအချိန်မှာ အကျိုးဖြစ်ထွန်းမှုတွေရှိ နေပြီးသား ပါလားလို့ ခံစားလာရကြောင်း တွေ့ရှိလာရပါတယ်။ လူ့တို့ရဲ့ စိတ်ဓါတ်-စွမ်းအင်ရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် လူတို့က နေ့စဉ်လုပ်ငန်းဆောင်တာနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတို့မှာ ၎င်းတို့ တန်ဖိုးအထားဆုံးသောအရာ နဲ့ ပေးအပ်တဲ့အလုပ်တာဝန်က အဓိပ္ပါယ်ရှိပြီး ရည်ရွယ်ချက်ရှိမယ်ဆိုရင် ၎င်းတို့ရဲ့ စိတ်စွမ်းအားတွေကနေ အင်အားတွေကို နှိုးဆွပေးနိုင်ပါတယ်။ စိတ်ဓါတ်ခွန်အားဖြစ်စေနိုင်ပါတယ်။ ၎င်းတို့လုပ်တဲ့အလုပ်က ၎င်းတို့ အတွက် အမှန်တကယ်အရေးကြီးနေမယ် ဆိုရင် သမားရိုးကျအားဖြင့် အကောင်းဘက်ကစွမ်းအင် ခွန်အားတွေ ထွက်လာတယ်လို့ ခံစားရနိုင်ပြီး၊ ပိုပြီးအာရုံစိုက်နိုင်ကာ၊ ဇွဲနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်ပါမယ်။ တောင်းဆိုမှု တွေမြင့်မားပြီး၊ လျင်မြန်တဲ့အရှိန်အဟုန်နဲ့ ဖြစ်နေတဲ့ ကော်ပိုရိတ်ဘဝမှာ ဒီကိစ္စကို အချိန်ပေး ကရုပြုမှုမရှိတဲ့ အပြင်၊ လူအများစုကလဲ အလားအလာ ရှိတဲ့ စွမ်းအင်အရင်းအမြစ်တွေရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်တွေကို သိတောင် မသိကြကြောင်း၊ ဝမ်းနည်းဖွယ် တွေ့ကြရ ပါတယ်။ ကျွန်ုပ်တို့ရဲ့ အစီအစဉ်က လူတွေရဲ့ စိတ်ဓါတ်ကို အာရုံစိုက်ခြင်းနဲ့ စတင်ဖို့ ကြိုးစားပါက ထိခိုက်မှု အနည်းငယ်မျှသာရှိနိုင်ပါတယ်။ ပါဝင်သူတို့က အခြား ရှု့ထောင့်ကနေတွေ့ကြုံခံစားကြည့်ပြီးမှသာ အစီအစဉ်ရဲ့ တန်ဖိုးကို သိရှိပြီး၊ လိုအပ်ချက်ကို ပိုမိုလေးနက်တဲ့ အာရုံစိုက်ခြင်းက ထိရောက်မှုနဲ့ ကျေနပ်မှုတို့ ရရှိနိုင်ကြောင်း သိမြင်လာမှာဖြစ်ပါတယ်။ E&Y ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Jonathan Anspacher က သူ့အတွက် အမှန်တကယ် အလင်းရောင်ကို မြင်သွားစေပြီး၊ အားဖြစ်စေတာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ သူ့ကိုယ်သူ ဆက်စပ်မှု ရှိတဲ့မေးခွန်းတွေကို မေးကြည့်ခြင်းပဲ ဖြစ်ပါတယ်။ “နဲနဲလေး ခြုံငုံသုံးသပ်ပြီး၊ ပြောဖို့ အရေးကြီးတယ်လို့ ထင်ပါ တယ်၊ ’ဘာအတွက် အမှတ်ရချင်နေတာလဲ?’ ” လို့ ကျွန်ုပ်တို့ကိုပြောပါတယ်။ “ဒီလိုအချိန်တွေ အကြာကြီး အလုပ် လုပ်စေပြီး၊ သူ့လူ တွေကို စိတ်ဆင်းရဲစေတဲ့ လုပ်ဖော်ကိုင်ဖက်ရူးအဖြစ် မှတ်မိနေတာမျိုးမဖြစ်ချင်ဘူး။ ကျွန်တော်ရဲ့ ချာတိတ်တွေက ကျွန်တော့်ကို ‘သူတို့ရဲ့ ဂီတဖျော်ဖြေပွဲကို လာနိုင်မလား?’ လို့မေးလာရင်၊ ကျွန်တော် က ‘ဟုတ်ပြီ၊ ရှေ့ဆုံးတန်းမှာ ငါရှိနေမယ်၊’၊ ကျွန်တော်က အဖေတစ်ယောက်အနေနဲ့ နောက်တန်းမှာ Blackberry နဲ့ထိုင်ပြီးအလုပ်ရှုပ်နေရတာ၊ အပြင်ထွက်ဖုန်းပြောနေတာမျိုး မဖြစ်ချင်ပါဘူး။” လူသားတို့ရဲ့ စိတ်ဓါတ်ကနေ စွမ်းအင်ကို ရယူဖို့ ဦးစားပေးရမယ့်အရာတွေကို ရှင်းလင်းပြတ်သားအောင် လုပ်ထားဖို့လိုအပ်ပြီး၊ အလုပ်တွေနဲ့အတူတွဲပါနေလေ့ရှိတဲ့ လုပ်ရိုးလုပ်စဉ်ထုံးတမ်းတွေကို အမျိုးအစား သုံးမျိုး ခွဲခြား သတ်မှတ်ဖို့လိုအပ်ပါတယ်။ ၎င်းတို့မှာ (က)အကောင်းဆုံးလုပ်နိုင်တာတွေကို လုပ်ရင်းနဲ့လုပ်ငန်းခွင်မှာ အပျော်မွှေ့ရဆုံးဖြစ်ခြင်း၊ (ခ)လုပ်ငန်းခွင်ဘဝ-မိသားစု-ကျန်းမာရေးနဲ့ တစ်ပါးသောလူတွေကို ကူညီပံ့ပိုးပေးမှု စတဲ့ ၎င်းတို့ရဲ့ ဘဝမှာ အရေးကြီးဆုံးလို့ ယူဆနေကြတာတွေကို အသိဉာဏ်ရှိစွာပဲအချိန်နဲ့ စွမ်းအင်တွေကို သူ့နေရာနဲ့ သူအံဝင်ခွင်ကျဖြစ် အောင်ပြုလုပ်ခြင်း၊ နဲ့ (ဂ)နေ့စဉ်ပြုမူဆောင်ရွက်မှုတို့မှာ ၎င်းတို့ရဲ့အဓိကတန်ဖိုး အနှစ်သာရတို့ နဲ့နေထိုင်လုပ်ကိုင်ခြင်း၊ တို့ပဲဖြစ်ပါတယ်။ သင်အကောင်းဆုံးလုပ်နိုင်တာနဲ့ အပျော်ရွှင်ဆုံးသောအရာတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြိုးပမ်း ရှာဖွေနေချိန်မှာ ဒီအရာနှစ်ခုက အပြန်အလှန်ပါဝင်ပတ်သက်ဖို့ မလိုဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ သင်ရဲ့ အရမ်းကောင်းတဲ့ ဆောင်ရွက်တွေအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ အများအပြား ရရှိတယ် ဆိုပေမယ့် ဒီအပေါ်မှာ အမှန်တကယ်ပျော်မွေ့နေမှာ မဟုတ်ပါ။ ဆန့်ကျင်ဘက်အားဖြင့် ဘာ ဆုလဒ်မှ မရတဲ့ အလုပ်တွေကို လုပ်နေရပေမယ့် အဲဒီအပေါ်မှာ မြတ်နိုးခုန်မင်မှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် အောင်မြင်မှုတွေ ရရှိဖို့အတွက် အဓိပ္ပါယ်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုထက် စွမ်းအင်တွေပိုမို လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ လ၊ ကာလတွေတုန်းက ကြုံတွေ့ခဲ့ရတဲ့ ထိရောက်တယ်လို့ခံစားရခြင်း၊ အားမစိုက်ရဘဲ အာရုံ စိုက်နိုင်ခြင်း၊ စိတ်အားတက်ကြွမှုနဲ့ ပြီးပြည့်စုံမှု ကြောင့်ကျေနပ်မှုရရှိခြင်း၊ စတဲ့ အကောင်းဆုံးသော အချက်တွေ နဲ့ပြည့်စုံတဲ့ အနည်းဆုံး အတွေ့အကြုံနှစ်ခုကို ပြန်လည်စဉ်းစားခြင်းအားဖြင့် အစီအစဉ်မှာ ပါဝင်သူတို့ရဲ့ အားသာ ချက်ရှိမယ့် ဧရိယာကို ရှာဖွေဖော်ထုတ်ရာမှာ အကူအညီပေးခဲ့ကြပါတယ်။ ထို့နောက်မှာ ဘယ်လိုစွမ်းအင်တွေနဲ့ အရည်အချင်းတွေကြောင့် အထက်က အတွေ့အကြုံတွေကို ကြုံတွေ့ခဲ့ရတာလဲဆိုတာကို သေသေချာချာ နားလည်အောင် အဖြစ်အပျက်တွေကို ပြန်လည်ဖြေချကြည့်ခဲ့ကြပါတယ်။ အကောင်းဆုံးသော အချက်တွေနဲ့ ပြီးပြည့်စုံတဲ့ခံစားမှုဖြစ်အောင် ဦးတည်ပေးတဲ့ ဗျူဟာက၊ ခွန်အားအဖြစ်စေဆုံးနဲ့ တီထွင်ဖန်တီးမှုတွေမှာ ကြိုးစားပါဝင်ဆောင်ရွက်စေတဲ့ အဓိကအကြောင်းတရားဖြစ်ပါသလား။ သို့မဟုတ် လှုပ်ရှားလုပ်ကိုင်ဖို့အတွက် ကျွမ်းကျင်မှုက သင့်ကို လုပ်ကိုင်ရတာလွယ်ကူစေတာလား၊ လုပ်ချင်စိတ်ကိုဖြစ်စေတာလား။ နောက်ဆုံးမှာ တော့ လုပ်ငန်းခွင်လုပ်ဆောင်မှုတွေမှာ ဒီလိုမျိုးတွန်းအားတွေပိုဖြစ်စေဖို့ ထုံးတမ်းစဉ်လာတွေကိုထူထောင် လာကြပါတယ်။ ကျွန်ုပ်တို့တဲ့ အတူပူးပေါင်းဆောင်ရွက်နေတဲ့ အကြီးတန်းဦးဆောင်သူက လုပ်ဆောင်ချက်တွေထဲက သူမကြိုက်ဆုံးသောအချက်တစ်ချက်က အရောင်းဆိုင်ရာ အစီရင်ခံစာကို အသေးစိတ်ဖတ်ရခြင်းနဲ့ အနှစ်ချုပ် ရခြင်းပဲဖြစ်ပါတယ်၊ အခြားတစ်ဖက်က အနှစ်သက်ဆုံးအလုပ်မှာ ဗျူဟာအသစ်တွေချမှတ်ဖို့အတွက် အလေး အနက်ထား စဉ်းစားခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်လုပ်သူက ကိန်းကဏာန်းတွေထဲနစ်မြှုပ်နေရတာကို နှစ်သက် တဲ့ သူရဲ့ လက်အောက်ဝန်ထမ်းတစ်ဦးကို အရောင်းဆိုင်ရာ အစီရင်ခံစာပါ ကိန်းကဏာန်းတွေနဲ့ပတ်သက်လို့ ခွဲခြမ်းစိတ်ဖြာခြင်းတာဝန်ကိုလွှဲပေးပြီး၊ သူ့ထံနေ့စဉ် နှုတ်နဲ့ အကျဉ်းချုပ်တင်ပြစေခြင်းအားဖြင့် အဆင်ပြေသွား ပါတယ်။ အဆိုပါ ဦးဆောင်သူက အုပ်စုထဲမှာရှိတဲ့ တီထွင်ဖန်တီးမှုကောင်းကြတဲ့ ဝန်ထမ်းတွေနဲ့ မိနစ်(၉၀)ကြာ လွတ်လပ်တဲ့ပုံစံနဲ့ ဗျူဟာချမှတ်တဲ့အစည်းအဝေးတွေကို အပတ်စဉ်ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒုတိယအမျိုးအစားမှာ သင့်အတွက် အရေးကြီးတဲ့အရာအပေါ် အချိန်နဲ့ ခွန်အားတွေကို မြှုပ်နှံထားခြင်း ဖြစ်ပါတယ်၊ တကယ်တော့ အရေးကြီးတာနဲ့ အမှန်တကယ်လုပ်နေတာတွေက ကွဲပြားလေ့ရှိပါတယ်။ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေက ဒီကွာဟချက်ကို နီးစပ်အောင်ကူညီပေးနိုင်ပါတယ်။ Sony Europe ရဲ့ vice president - Jean Luc Duquesne က သူရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်လို့ ဦးစားပေးကိစ္စတွေကို ခက်ခက်ခဲခဲတွေး ကြည့်ရာ၊ မိသားစုအတွက်အချိန်ပေးခြင်းက သူအတွက် အရေးကြီးဆုံးဖြစ်တဲ့အတွက် သူရဲ့နေ့စဉ်အချိန်တွေ ထဲက ရအောင်အချိန်ယူခဲ့ပါတယ်။ ဒါကြောင့်လဲ သူက ညနေတိုင်းအိမ်ပြန်ရောက်ပြီးချိန်မှာ အနည်းဆုံး (၃)နာရီ ခလုပ်တွေပိတ်ထားတဲ့ အလေ့အထကို စတင်လိုက်ပါပြီ၊ ဒါကြောင့် သူရဲ့မိသားစုကို အလေးထား အာရုံစိုက်လာ နိုင်ပါပြီ။ Jean Luc Duquesne က “ကျွန်တော် PlayStation ကို မကျွမ်းကျင်သေးဘူး။” “ဒါပေမယ့် ကျွန်တော်ရဲ့ သားအငယ်ဆုံးဆီက လေ့လာသင်ယူနေတဲ့ ကျောင်းသားကောင်းတစ်ယောက်ဖြစ်နေပါပြီ။ လို့ ကျွန်တော်တို့ကို ပြောပါတယ်။ အိမ်ကနေ အလုပ် ကို စထွက်ပြီဆိုတာနဲ့ အိမ်ရှေ့တံခါးကနေစပြီး၊ အလုပ်သွားရာလမ်း တစ်လျှောက်လုံး ဖုန်းပြောလေ့ရှိတဲ့ Steve Wanner ဆိုသူက အိမ်ကစထွက်ပြီဆိုတာနဲ့ မိနစ်(၂၀) အကြာ ရုံးရောက်တဲ့အထိ ဘယ်ဖုန်းပဲလာလာ မကိုင်တော့တဲ့နည်းကို ရွေးချယ်ခဲ့ပါတယ်။ ဒါေကြာင့်အလုပ်သွားချိန်မှာ သက်တောင့်သက်သာနဲ့ သွားလာနိုင်ပါပြီး၊ အိမ်ပြန်တဲ့အခါမှာလဲ အလုပ်တွေပါမလာတော့ဘဲ ဇနီးနဲ့ ကလေးတွေ အတွက် အချိန်ပိုပေးလာနိုင်ပါတယ်။ တတိယအမျိုးအစားက သင်ရဲ့ အဓိကတန်ဖိုးထားတဲ့အရာတွေကို နေ့စဉ်ပြုမူဆောင်ရွက်မှုတွေမှာ လိုက်နာဆောင်ရွက်မယ်ဆိုရင် စိန်ခေါ်မှုတွေ အများကြီးရှိနိုင်ပါတယ်။ လူအများစုက ထိုကဲ့သို့သော ဒေါသ အရှိန် အဟုန်နဲ့ နေထိုင်နေကြပြီး၊ သူတို့ဘာအတွက် ရပ်တည်နေတာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာကို ခဏရပ်ပြီး သူတို့ကိုယ်သူတို့ ပြန်လည်မေးမြန်းခြင်းက ခပ်ရှားရှားပါ။ ရလဒ်အနေနဲ့ ပြင်ပကတောင်းဆိုချက်တွေက သူတို့ရဲ့လုပ်ဆောင်ချက်ကို ဆုံးဖြတ်ခွင့်ပေးထားသလိုဖြစ်နေပါတယ်။ ကျွန်ုပ်တို့က လူတွေကို ၎င်းတို့ရဲ့ စံနှုန်း(တန်ဖိုးအထားဆုံးအရာ)တွေ အတိအလင်းသတ်မှတ်ဖို့ အကြံ မပြုပါ၊ ဘာကြောင့် လဲဆို တော့ ရလဒ်တွေက အမြဲတမ်း ခန့်မှန်းနိုင်လွန်းတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုသတ်မှတ်မယ့်အစား အမှတ်တမဲ့ မေးခွန်းတွေမေးမြန်း ဖော်ထုတ်ပေးပါတယ်။ ဥပမာ- “အခြားလူတွေ ကိုကြည့်လိုက်တဲ့အခါ ဘာမအပ် စပ်တာတွေ တွေ့ရလဲ။” လူတွေကို ၎င်းတို့ရဲ့ မခံမရပ်နိုင်တဲ့ကိစ္စတွေကို ဖော်ပြ ခြင်းအားဖြင့်၊ ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ဖို့ ရည်ရွယ်တာမဟုတ်ပါ။ ဥပမာ-တွန့်တိုခြင်းကို အလွန်စိတ် အနှောက်အယှက် ဖြစ်နေမယ်ဆိုရင်၊ ရက်ရောမှုက သင်ရဲ့ အဓိကတန်ဖိုးထားရာတွေထဲက တစ်ခုဖြစ်နိုင် ပါတယ်။ အထူးသဖြင့် အခြားလူတွေအပေါ် ရိုင်းစိုင်းနှိမ့်ချတတ်တာကို မနှစ်မျို့ဘူးဆိုရင်၊ ထည့်သွင်းစဉ်းစား ပေးခြင်းက သင့်အတွက် မြင့်မားတဲ့တန်ဖိုးဖြစ်နိုင်ဖွယ်ရှိပါတယ်။ အခြားသော အမျိုးအစားတွေလိုပဲ၊ အစဉ် အလာ အလေ့အထတွေ ထူထောင်ခြင်းက သင်လိုချင်တဲ့ တန်ဖိုးတွေနဲ့ လက်ရှိ ပြုမူပုံတို့အကြား ကွာဟချက်ကို ပေါင်းကူးပေးနိုင်ပါတယ်။ ထည့်သွင်းစဉ်းစားပေးခြင်းက အဓိကတန်ဖိုးဖြစ်ကြောင်း တွေ့ရှိလာပါက၊ ဒါပေမယ့် အစည်းအဝေးတွေမှာ အမြဲတစေနောက် ကျတတ်သူဖြစ်နေတဲ့အခါ၊ သင်လုပ်နေကျအစည်းအဝေးကို ပုံမှန်ထက် ငါးမိနစ်စောသိမ်းပြီး၊ နောက်ဆက်လုပ်မယ့် အစည်းအဝေးအတွက် ရည်ရွယ်ချက်ရှိရှိ ငါးမိနစ်စောကြောင်း ပြသမှာဖြစ်ပါတယ်။ ဤအမျိုးအစားသုံးမျိုးကို ဖြေရှင်းနေခြင်းက လုပ်ငန်းခွင်ရော လုပ်ငန်းခွင်ပြင်ပတွေ မှာပါ ပိုကောင်းတဲ့ ချိန်ညှိမှု၊ ကျေနပ်မှုနဲ့ စိတ်ချမ်းသာမှုတို့ကို ရရှိစေမယ့် ခရီးရှည်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အဲဒီ ခံစားချက်ဆိုတာက အပြုသဘောဆောင်တဲ့ စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်ပြီး၊ အခြားသော စွမ်းအင်ဆိုင်ရာ အစီအစဉ်တွေမှာ ဆက်လက်ပါဝင်နေစေဖို့အတွက်လဲ အားဖြည့် ပေးပါတယ်။ ဒီလိုနည်းလမ်းအသစ်တွေနဲ့ လုပ်ကိုင်ခြင်းက လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ အမူအကျင့်အသစ်တွေကို လုပ်ကိုင်ခွင့်ပေးမှုအတိုင်းအတာနဲ့ ပံ့ပိုးပေးမှု အပေါ်မူတည်ပါတယ်။ ဝန်ထမ်းတွေကို ပြန်လည်ဆန်းသစ်စေပြီး၊ နောင်မှာ ပိုမိုတည်တန့်ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်ဘက်ကို ဦးတည်စေမယ့် စိတ်ကူးအကြံဉာဏ်တွေကို အမှု့ဆောင်လူကြီးတွေနဲ့ ကုမ္ပဏီတွေက လက်ခံနိုင်ဖို့အတွက် ပြင်ဆင်မှုတွေမရှိကြကြောင်း နာကျင်စွာပဲ သိလိုက်ရပါတယ်။ ပြန်လည်ဆန်းသစ်မှုကို ပံ့ပိုးပေးမယ့် ရေခံမြေခံနဲ့ အဓိကဆုံးဖြတ်ချက်ချပေးနိုင်တဲ့ အကြီးတန်းစီမံခန့်ခွဲသူ တို့ထံက ကတိကဝတ်တွေနဲ့ခိုင်မာတဲ့ ပံ့ပိုးမှုနဲ့ဆို အောင်မြင်စေနိုင်ပါတယ်။ ကျွန်ုပ်တို့ လေ့လာမှုပြုလုပ်နေတဲ့ Wachovia က ဒေသဆိုင်ရာ အကြီးအကဲဖြစ်တဲ့ Susanne Svizeny ကအစီအစဉ်အတွက် အဓိက အားပေးထောက်ခံတဲ့ စည်းရုံးလှုံ့ဆော်သူဖြစ်ပါတယ်။ သူမရဲ့ ဘဝမှာ မူတွေကို ဖက်တွယ်ထားပြီး၊ လုပ်ငန်းခွင်မှာ ပြန်လည်ဆန်းသစ်စေမယ့် အစီအမံတွေကို ပြုလုပ်ပေးထားခြင်းက မြင်သာ တဲ့ ကိုယ်ရေးကိုယ်တာပြောင်းလဲမှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် သူမ ကိုယ်တိုင်ရော၊ leadership team ကိုပါ ကတိကဝတ်နဲ့ အောင်မြင် အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို မွေးမြူပေးပါတယ်။ နောက်ဆုံးမှာတော့ ပါဝင်သူအားလုံးကို e-mail နဲ့ ပုံမှန်ထိတွေ့ပြီး၊ အစီအစဉ်တွေနဲ့ ပတ်သက်တာတွေကို အားပေးမှု၊ တုံ့ပြန်၊ ဝေဖန်မှုတို့ကိုလည်း နားထောင်ခဲ့ပါတယ်။ သူမက ဒီလုပ်ဆောင်မှုနဲ့ ပတ်သက်လို့ အလေးထားကြောင်း၊ လူတိုင်းကို ရှင်းရှင်းလင်းလင်းသိစေပါတယ်။ သူမရဲ့ စိတ်အား ထက်သန်မှုတွေက အားလုံးကို ကူးစက်သွားပြီး၊ ရလဒ်တွေက သူတို့ဟာသူတို့ ပြောစမှတ်ပြုနေကြပါပြီ။ ရာနဲ့ချီတဲ့ Sony Europe က ခေါင်းဆောင်တွေဟာ စွမ်းအင်စီမံခန့်ခွဲမှုရဲ့ မူဘောင်တွေကို လက်ကိုင်ထား ကြပါတယ်။ နောက်နှစ်တွေမှာ ၎င်းတို့နဲ့ တိုက်ရိုက်ထိတွေ့လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ဝန်ထမ်း အယောက် (၂၀၀၀)ကျော်က စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေမယ့်အစီအစဉ်မှာ ပါဝင်ပြီးဖြစ်နေပါလိမ့်မယ်။ Fujio Nishida ကနေ အောက်အခြေ အထိ Sony မှာ ကြားကာလ ပြတ်တောင်းပြတ်တောင်း အားလပ်ချိန်ပေးခြင်း၊ နေ့ခင်းမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သတ်မှတ်ထားတဲ့အချိန်မှာ e-mail ပြန်ဆိုခြင်း၊ နဲ့ စိတ်တိုနေပုံရတဲ့ (သို့) စိတ် မရှည်ပုံရတဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဖြစ်တဲ့အကြောင်းအရင်းတွေမေးမြန်းခြင်းစတဲ့ အလေ့အထတွေကို တိုးပြီး လက်ခံလာခဲ့ကြပါတယ်။ လုပ်ငန်းအဖွဲ့အစည်းက မူဝါဒတွေ၊ လိုက်နာကျင့်ကြံမှုတွေ၊ နဲ့ ဓလေ့ထုံးတမ်းတို့နဲ့သက်ဆိုင်တဲ့ သတင်း စကားတွေမှာ ပြောင်းလဲမှုအခြေအနေတွေကြားသိလာရပြီဆိုရင် ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့နဲ့ တွဲလုပ်ခဲ့ကြတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မှာ “renewal rooms”တွေဖွဲ့စည်းထားပြီး၊ အဲဒီအခန်းမှာ ဝန်ထမ်းတွေ ပုံမှန် အနားယူခြင်းဖြင့် ပြန်လည်အားအင်ပြည်ဖြိုးခြင်းတို့ ကိုပြုလုပ်နိုင်ပါတယ်။ အခြားသော အထောက်အပံ့ အဖြစ် gym memberships အဖြစ်ထောက်ပံ့ပေးပါတယ်။ အချို့သော အခြေအနေတွေမှာ ခေါင်းဆောင်တွေက နေ့ခင်း ကာယလေ့ကျင့်ခြင်းတို့တွင် ဝန်ထမ်းတွေနဲ့ ပူးပေါင်း ပါဝင်ကြခြင်းဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုကဆိုရင် နံနက် ၈:၀၀နာရီကနေ နံနက်၉:၀၀နာရီအတွင်း တစ်နာရီ အကြာ အစည်းအဝေးလုံးဝမရှိစေရန် no-meeting zone အဖြစ်သတ်မှတ်ပေးထားပါတယ်။ Sony အပါအဝင် ကုမ္ပဏီ အတော်များများမှာ အကြီးတန်း လုပ်ငန်းအဖွဲ့အစည်းတွေ မှာ “renewal rooms”တွေဖွဲ့စည်းထားပြီး၊ အဲဒီအခန်းမှာ ဝန်ထမ်းတွေ ပုံမှန် အနားယူခြင်းဖြင့် အားဖြည့်ခြင်းတို့ ကိုပြုလုပ်နိုင်ပါတယ်။ ဦးဆောင်သူတို့က အစည်းအဝေးကျင်းပနေစဉ်မှာ အာရုံပိုစိုက်နိုင်ဖို့နဲ့ ပိုမို အကျိုး ဖြစ်ထွန်းစေဖို့အတွက် e-mail စစ်ဆေးခြင်းကို မပြုလုပ်ကြဖို့ အားလုံးသဘောတူလက်ခံခဲ့ကြပါတယ်။ အောင်မြင်မှုလမ်းကြောင်းကို ရောက်သွားနိုင်တဲ့ အချက်တစ်ချက်ကတော့ အဆိုးတွေဖြစ်လာနိုင်တယ် ဆိုတာတွေကို ကြိုတင်တွေးဆထားတဲ့ စိတ်ထားပဲဖြစ်ပါတယ်။ စွမ်းအင်ပြန်လည်ပြည့်ဖြိုးစေမယ့်အစီအစဉ်တွေ အတွက် အသင့်တော်ဆုံးသော ကိုယ်စားလှယ်လောင်းတွေဟာ ဒီလိုဖြေရှင်းနည်းအသစ်တွေအတွက် လုံလောက် တဲ့ စိတ်အားထက်သန်မှုတွေရှိဖို့လိုမှာဖြစ်သော်လည်း၊ အားလုံးကို လွှမ်းသွားတဲ့ အထိတော့ မဖြစ်နိုင်ပါ။ CEO ထံက တက်တက်ကြွကြွနဲ့ ပံ့ပိုးမှုတွေရရှိခဲ့တဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုမှာဆိုရင် အလျင်အမြန်ကြီးထွားလာဖို့ အတွက် ပြင်းထန်တဲ့ ဖိအားအောက်မှာရှိနေခဲ့ပြီး၊ အကြီးတန်းဦးဆောင်တဲ့အဖွဲ့ကလဲ လတ်တလော ရှင်သန် ရပ်တည်နိုင်ရေးတွေမှာ အာရုံစိုက်နေရာကနေ ရုန်းမထွက်နိုင်ပဲဖြစ်နေပါတယ်၊ တကယ် တော့ အင်အားပြန်လည် ပြည့်ဖြိုးဖို့အတွက် နားချိန်ယူလိုက်ခြင်းက ရေရှည်မှာ ပိုမိုတည်တံ့စေပြီး၊ ထုတ်လုပ် နိုင်မှုစွမ်းအားတွေ ပိုပြီးတိုး လာစေမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် Ernst & Young မှာရှိတဲ့အဖွဲ့ဟာ အခွန်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်တွေ များပြားနေတဲ့ ရာသီအချိန်အခါလိုမျိုးမှာ ဒီလုပ်ငန်းစဉ်တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆိုးမြင် စိတ်ခံစားချက်တွေကို အသက်ရှုလေ့ကျင့်အားဖြင့် ဖြေလျော့မှုတွေလုပ်ဆောင်ခြင်း(သို့)အခြားသော ပုံပြင်၊ ဇာတ်လမ်း၊ အကြောင်းအရာတွေကိုပြောပေးခြင်း၊ နဲ့အထူးအာရုံစိုက်ရတဲ့အလုပ်တွေ လုပ်ပြီးနောက် အားအင်အသစ်ဖြစ်စေမယ့် အနားယူခြင်းနည်းလမ်းတွေကို လုပ်ငန်းဦးဆောင်သူတို့ရဲ့ ခွင့်ပြုချက်နဲ့ လိုက်နာလုပ် ဆောင်ခဲ့ကြပါတယ်။ အဖွဲ့မှာပါဝင်ကြတဲ့လူတွေက ဒီလို အလုပ်များတဲ့ရာသီချိန်ကာလမှာ ကြုံတွေ့ခဲ့သမျှထဲမှာ စိတ်ဖိစီးမှု အနည်းဆုံး ဖြစ်ကြောင်း တင်ပြမှုတွေရှိလာပါတယ်။ ယနေ့ခေတ်မှာ လုပ်ငန်းအဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေအကြား အကျုံးဝင်တဲ့ စာချုပ်က တစ်ဖက်နဲ့ တစ်ဖက် တတ်နိုင်သမျှနဲ့ ဖြစ်နိုင်သမျှ မြန်မြန် နောက်ပြန်လှည့်မကြည့်ဘဲ ရလဒ်တွေရအောင်ရှေ့တိုးဖို့ ကြိုးစား ကြခြင်းဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကိုယ့်ကိုယ်ကို ကာကွယ်ကြတယ်လို့ ယုံကြည်ရပါတယ်။ လူပုဂ္ဂိုလ်တွေတစ်ဦးချင်းစီရော၊ လုပ်ငန်းအဖွဲ့အစည်းတွေကပါ ကြွယ်ဝခြင်းထက် ကုန်ခမ်းခြင်းနဲ့ အဆုံးသတ် အောင် လုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။ ဝန်ထမ်းတွေက သံသယတွေ ပင်ပန်းနွမ်းနယ်မှုတွေကို တိုးမြင့်ခံစားလာ ကြရပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတွေက ၎င်းတို့နဲ့ အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းမရှိတဲ့ဝန်ထမ်းတွေကို တွန်းအားပေးဖြေရှင်းစေပြီး၊ ထွက်သွားတဲ့ ဝန်ထမ်းတွေနေရာမှာ အစားထိုးခန့်ထားမှုနဲ့ လေ့ကျင့်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေကြရပါတယ်။ အစုအဖွဲ့မှာ ပါဝင်ကြသူတွေအားလုံးအတွက် အကျိုးရှိစေမယ့် တိကျ ပြတ်သားတဲ့ နှစ်ဖက် အပြန်အလှန် တာဝန်ခံမှုအသစ်တို့ကို မျှော်မှန်းထားပြီး၊ လုပ်ငန်းအဖွဲ့အစည်း တွေကလဲ ၎င်းတို့ရဲ့ ဝန်ထမ်းတွေရဲ့ ဘဝကို ကဏ္ဍပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံပေးခြင်းအားဖြင့် ထိုဝန်ထမ်းတွေရဲ့ တန်ဖိုးကို တည်ဆောက်ပေးခြင်း၊ ရေရှည်တည်တံ့အောင်ထိန်းပေးခြင်းတို့ကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် ဝန်ထမ်းတွေကလဲ လုပ်ငန်းခွင်ကို ၎င်းတို့ရဲ့ ဘက်ပေါင်းစုံကစွမ်းအင် ခွန်အားတွေအားလုံးကို စိတ်နှလုံး အကြွင်းမဲ့စွာ နေ့စဉ်သယ်ဆောင်လာခြင်းအားဖြင့် ပြန်လည်တုံ့ပြန်လာနိုင်ပါတယ်။ ရလဒ်က နှစ်ဖက်လုံး တန်ဖိုးတက်လာခြင်းပဲဖြစ်ပါတော့တယ်။ A version of this article appeared in the October 2007 issue of Harvard Business Review. Read more on Burnout or related topics Personal productivity, Managing employees and Personal strategy and style • Tony Schwartz is the CEO of The Energy Project and the author of The Way We’re Working Isn’t Working. Become a fan of The Energy Project on Facebook. • Catherine McCarthy (catherine@theenergyproject.com) is a senior vice president at the Energy Project.   သင်ရဲ့ စွမ်းအင်တွေက အကျပ်အတည်းဘက်ကို ဦးတည်နေပြီလား။ အောက်ဖော်ပြပါအချက်တွေကို သင့်အတွက် အမှန်တွေလား ဆိုတာစစ်ဆေးကြည့်ပေးပါ။ ခန္ဓာကိုယ် • တစ်နေ့ အနည်းဆုံး (၇)နာရီကနေ(၈)နာရီအထိ ပုံမှန်အိပ်ခြင်းမရှိပါ၊ မကြာခဏနိုးပြီး နွမ်းနယ်မှုကို ခံစားရပါတယ်။ • မကြာခဏ နံနက်စာလွတ်ပါတယ်၊ (သို့) တခါတရံမှာ အာဟာရမဖြစ်စေမယ့် အစာတွေနဲ့ ဖြေရှင်းမိ ပါတယ်။ • တစ်ပတ်လျှင် နှလုံးအားကောင်းစေမယ့် ကာယလေ့ကျင့်ခြင်းတွေကို အနည်းဆုံး သုံးကြိမ်နဲ့ ကာယ ကြံ့ခိုင်ဖို့ လေ့ကျင့်ခြင်းကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စတဲ့ လုံလောက်တဲ့ လေ့ကျင့်တွေ မလုပ် ဖြစ်ပါ။ • အလုပ်လုပ်ချိန်မှာ ပုံမှန်အားဖြင့် ပြန်လည်အားအင်ဖြစ်စေဖို့ ကြားကာလမှာ အနားယူခြင်းကို ပုံမှန် လုပ်လေ့မရှိပါ၊ (သို့) အလုပ်စားပွဲမှာပဲ မကြာခဏဆိုသလို နေ့လည်စား စားဖြစ်ပါတယ်။ စိတ်ခံစားမှု • စိတ်တိုတာ၊ စိတ်မရှည်တာ၊ (သို့)အလုပ်နဲ့ပတ်သက်လို့ အထူးသဖြင့် တောင်းဆိုမှုတွေ များတဲ့အချိန်မှာ စိုးရိမ်ပူပန်တာ၊ စတာတွေကို ကိုယ့်ဟာနဲ့ကိုယ် မကြာခဏခံစားနေရပါတယ်။ • မိသားစုအတွက်နဲ့ ကိုယ်ချစ်ရသူတို့နဲ့ အတူရှိနေပေမယ့် ၎င်းတွေအတွက် လုံလုံလောက်လောက်အချိန် မပေးနိုင်ပါ။ ကျွန်တော်က သူတို့နဲ့အတူ တကယ်မရှိနေသလိုပါပဲ။ • ကျွန်တော် နှစ်နှစ်ကာကာ သဘောကျတဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေအတွက် အချိန်အနည်းငယ်သာရှိ ပါတယ်။ • ကျွန်တော်က အခြားသူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့ သို့မဟုတ် ကျွန်တော်ရဲ့ အောင်မြင်မှုတွေနဲ့ ကောင်းချီးမင်္ဂလာတို့ကို မကြာခဏရပ်တန့်ပြီး အပြည့်အဝခံစားဖို့ မလုပ်ခဲ့ပါ။ စိတ် • တစ်ချိန်တည်းမှာ အရာတစ်ခုကို အာရုံစိုက်ဖို့ခက်ခဲပါတယ်၊ အထူးသဖြင့် e-mail ကြောင့် အလွယ် တကူစိတ်အနှောက်အယှက်ဖြစ်ပါတယ်။ • အမြင့်ကိုမြှင့်တင်ပေးနိုင်မယ့်၊ ရေရှည်မှာအကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေကို အာရုံစိုက်ခြင်းထက် လတ်တလော အကျက်အတည်းတွေနဲ့ တောင်းဆိုမှုတွေကို တုံ့ပြန်ဖို့အတွက် အချိန်ပိုပေးနေရပါတယ်။ • အမြင်ကျယ်ကျယ်နဲ့ ဖြစ်လာမယ့်အကျိုးဆက်တွေကိုနားလည်ကြည့်ရှု့နိုင်ခြင်း၊ ဗျူဟာချမှတ်ခြင်း၊ ဆန်း သစ်ဖန်တီးတွေးခေါ်ခြင်း၊ တို့အတွက် လုံလောက်တဲ့ အချိန်မပေးဖြစ်ပါ။ • ကျွန်တော် ညနေနဲ့ weekends တွေမှာ အလုပ်လုပ်ပါတယ်၊ e-mail နဲ့ လွတ်ကင်းတဲ့ အားလပ်ရက် ဘယ်တော့မှ မယူဖြစ်သလောက်ပါပဲ။ စိတ်ဓါတ် • ကျွန်တော် အကောင်းဆုံးလုပ်နိုင်တာနဲ့ အနှစ်သက်ဆုံးသော အလုပ်တွေအတွက် လုံလောက်တဲ့ အချိန် မရှိပါ။ • ကျွန်တော့်ဘဝမှာ အရေးအကြီးဆုံးလို့ပြောရမယ့်အရာနဲ့ ကျွန်တော်ရဲ့ အချိန်နဲ့ စွမ်းအင်တွေကို အမှန် တကယ် ခွဲဝေသုံးစွဲရာနေရာ တို့အကြား၊ သိသာထင်ရှားစွာ ကွာခြားနေပါတယ်။ • ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ခိုင်မာပြီး၊ ရှင်းလင်းတဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ထက်ပြင်ပရဲ့ လွှမ်းမိုးမှုတွေက ပိုပါတယ်။ • အခြားလူတွေနဲ့ ကမ္ဘာကြီးအတွက် အပြုသဘောဆောင်တဲ့ ခြားနားချက်တစ်ခုကို ဖန်တီးရာမှာ လုံလောက်တဲ့ အချိန်နဲ့ ခွန်အားတွေအတွက် ရင်းနှီးမှု မလုပ်ခဲ့ပါ။ အားလုံးကိုခြုံငုံတဲ့ စွမ်းအင်အခြေအနေကဘယ်လိုလဲ။ စုစုပေါင်းဖော်ပြချက်တွေကိုစစ်ဆေးရန် - အမှတ်ပေးစည်းမျဉ်း ၀-၃ စွမ်းအင်စီမံမှုအရည်အချင်း အထူးကောင်းမွန်ခြင်း ၄-၆ စွမ်းအင်စီမံမှုအရည်အချင်း သင့်ခြင်း ၇-၁၀ စွမ်းအင်စီမံမှုအရည်အချင်း သိသာစွာလိုအပ်နေခြင်း ၁၁-၁၆ စွမ်းအင်စီမံမှုအရည်အချင်းမှာ ပဋိပက္ခနဲ့ လုံးလုံးလျားလျားရင်ဆိုင်နေရခြင်း သင်ဘာတွေလုပ်ဖို့လိုမလဲ။ အမျိုးအစားတစ်ခုချင်းစီအလိုက် အရေအတွက်ကိုပြန်စစ်ဆေးကြည့်ပါ ခန္ဓာကိုယ် - စိတ် - စိတ်ခံစားချက် - စိတ်ဓါတ် - အမျိုးအစားအလိုက်အမှတ်ပေးစည်းမျဉ်း ၀ စွမ်းအင်စီမံမှုအရည်အချင်း အထူးကောင်းမွန်ခြင်း ၁ စွမ်းအင်စီမံမှုအရည်အချင်း အားကောင်းခြင်း ၂ သိသာစွာလိုအပ်နေခြင်း ၃ စွမ်းအင်စီမံမှုအရည်အချင်း အားနည်းခြင်း ၄ စွမ်းအင်ပြဿနာနဲ့ လုံးလုံးလျားလျားရင်ဆိုင်နေရခြင်း

Comments